သံယုတ္တနိကာယ်—၂၈

၁—ဝိဝေကဇသုတ်

၃၃၂။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် နံနက်အချိန်သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံအလို့ငှါလှည့်လည်တော်မူပြီးလျှင် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့၍ နေ့သန့်စင်ရန် အန္ဓဝန်တောသို့ချဉ်းကပ်၍ တစ်ခုသော သစ်ပင် ရင်း၌ ထိုင်နေတော်မူ၏။

ထို့နောက် ညချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထပြီးလျှင် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းသို့ ချဉ်းကပ်တော်မူလေ၏။ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာ ကြွလာသည်ကို အဝေးမှပင် မြင်၍ အသျှင်သာရိပုတြာအား “ငါ့သျှင်သာရိပုတြာ သင်၏ ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏၊ မျက်နှာအဆင်းသည် အလွန်စင်ကြယ်၏၊ အလွန်ဖြူစင်တောက်ပ၏၊ အသျှင်သည့်ယနေ့ အဘယ်နေခြင်းဖြင့် နေခဲ့ပါသနည်း”ဟု လျှောက်၏။

ငါ့သျှင် ငါသည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင်ကြံစည်ခြင်း ‘ဝိတက် ‘ နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော ‘နီဝရဏ’ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ထိုငါ့အား “ပဌမဈာန်ကို ငါ ဝင်စား၏”ဟူ၍လည်းကောင်း၊ “ပဌမဈာန်ကို ငါဝင်စားခဲ့ပြီ”ဟူ၍လည်းကောင်း၊ “ပဌမဈာန်မှ ငါ ထခဲ့ပြီ” ဟူ၍လည်းကောင်း ဤသို့ စိတ်အကြံမဖြစ်ဟု မိန့်တော်မူ၏။ ထိုသို့ စိတ်အကြံ မဖြစ်သောကြောင့်သာလျှင် အသျှင်သာရိပုတြာသည် ငါဟုစွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ် မက်မှု ‘တဏှာ’၊ ထောင်လွှားမှု ‘မာနာနုသယ’ တို့ကို အချိန်ကြာမြင့်စွာကပင်ကောင်းစွာ ပယ်နုတ်အပ်ခဲ့လေ ပြီ၊ ထို့ကြောင့် အသျှင်သာရိပုတြာအား “ပဌမဈာန်ကို ငါဝင်စားနေ၏”ဟူ၍လည်းကောင်း၊ “ပဌမဈာန်ကို ငါ ဝင်စားခဲ့ပြီ”ဟူ၍လည်းကောင်း၊ “ပဌမဈာန်မှ ငါထခဲ့ပြီ”ဟူ၍လည်းကောင်း ဤသို့ စိတ်အကြံ မဖြစ် နိုင်တော့ချေဟု (မိန့်ဆို၏)။

ပဌမသုတ်။