သံယုတ္တနိကာယ်—၂၈

၁ဝ—သုစိမုခီသုတ်

၃၄၁။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် နံနက်အချိန် သင်းပိုင်ကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းအလို့ငှါ ဝင်လေ၏၊ ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်ပြီးသော် နံရံတစ်ခုကို မှီကာ ထိုဆွမ်းကို ဘုဉ်းပေးတော်မူ၏၊ ထိုအခါ သုစိမုခီပရိဗိုဇ်မသည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာအား ဤစကားကို လျှောက်၏—

အသျှင်ရဟန်း အောက်သို့ ငုံ့၍ စားပါသလော၊ နှမ ငါသည် အောက်သို့ ငုံ့၍ မစားပါ။ အသျှင်ရဟန်း သို့ဖြစ်လျှင် အထက်သို့ မော့၍ စားပါသလော၊ နှမ ငါသည် အထက်သို့ မော့၍ မစားပါ။ အသျှင်ရဟန်း သို့ဖြစ်လျှင် အရပ်လေးမျက်နှာသို့ လှည့်၍ စားပါသလော၊ နှမ ငါသည် အရပ်လေးမျက်နှာသို့ လှည့်၍ မစားပါ။ အသျှင်ရဟန်း သို့ဖြစ်လျှင် အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ စားပါ့သလော၊ နှမ ငါသည် အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ မစားပါဟု မိန့်တော်မူ၏။

အသျှင်ရဟန်း “အောက်သို့ ငုံ့၍ စားပါသလော”ဟု ဤသို့ မေးလတ်သော် “နှမ ငါသည် အောက်သို့ငုံ့၍ မစားပါ”ဟု ဆို၏၊ အသျှင်ရဟန်း သို့ဖြစ်လျှင် “အထက်သို့ မော့၍ စားပါသလော”ဟု ဤသို့မေးသော် “နှမ ငါသည် အထက်သို့ မော့၍ မစားပါ “ဟု ဆို၏၊ အသျှင်ရဟန်း သို့ဖြစ်လျှင်”အရပ်လေးမျက်နှာသို့ လှည့်၍ စားပါသလော”ဟု ဤသို့ မေးသော် “နှမ ငါသည် အရပ်လေးမျက်နှာသို့ လှည့်၍ မစားပါ”ဟု ဆို၏၊ အသျှင်ရဟန်း သို့ဖြစ်လျှင် “အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ စားပါသလော”ဟု ဤသို့ မေးသော် “နှမ ငါသည် အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ မစားပါ “ဟုဆို၏။ အသျှင်ရဟန်း သို့ဖြစ်လျှင် အဘယ်သို့ စားပါသနည်းဟု လျှောက်၏။

နှမ မြေကြန်အတတ်ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးကြသော သမဏဗြာဟ္မဏအားလုံးတို့ကို အောက်သို့ ငုံ့၍ စားသူတို့ဟု ဆိုအပ်ကုန်၏။

နက္ခတ်အတတ် ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့်အသက်မွေးကြသော သမဏ ဗြာဟ္မဏအားလုံးတို့ကို အထက်သို့ မော့၍ စားသူတို့ဟု ဆိုအပ်ကုန်၏။

တမန်မှု အစေအပါးအမှုဖြင့် သွားခြင်းကို အားထုတ်ခြင်းဖြင့် မှားသော အသက်မွေးခြင်းဖြင့်အသက်မွေးကြသော သမဏဗြာဟ္မဏ အားလုံးတို့ကို အရပ်လေးမျက်နှာသို့ လှည့်၍ စားသူတို့ဟုဆိုအပ်ကုန်၏။ အင်္ဂဝိဇ္ဇာအတတ်ဟူသော (မဂ် ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့်အသက်မွေးကြသော သမဏဗြာဟ္မဏအားလုံး တို့ကို အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ စားသူတို့ဟု ဆိုအပ်ကုန်၏။

နှမ ငါကား မြေကြန်အတတ်ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့်အသက် မမွေး၊ နက္ခတ်အတတ်ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့်အသက် မမွေး၊ တမန်မှု အစေအပါးအမှုဖြင့် သွားခြင်းကို အားထုတ်ခြင်းဖြင့် မှားသော အသက်မွေးခြင်းဖြင့် အသက် မမွေး၊ အင်္ဂဝိဇ္ဇာအတတ်ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့် အသက် မမွေး၊ တရားသဖြင့် ဆွမ်းကို ရှာ၏၊ တရားသဖြင့် ဆွမ်းရှာ၍ စား၏ဟု မိန့်ဆို၏။

ထိုအခါ သုစိမုခီပရိဗိုဇ်မသည် ရာဇဂြိုဟ်ပြည်ဝယ် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှလမ်းဆုံတစ်ခုသို့ ချဉ်းကပ်ပြီးလျှင် “သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့သည် တရားနှင့်လျော်စွာ အစာကို စားကုန်၏၊ သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့သည် အပြစ် မရှိသောအားဖြင့် အစာကို စားကုန်၏၊ သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့အား ဆွမ်းလှူကြကုန်လော့ “ဟု ဤသို့ ပြောကြားလေ၏။

ဒသမသုတ်။

သာရိပုတ္တသံယုတ် ပြီး၏။