သံယုတ္တနိကာယ်—၂၈

၂—အဝိတက္ကသုတ်

၃၃၃။ သာဝတ္ထိနိဒါန်း။ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာကို မြင်၍ ။ပ။ အသျှင်သာရိပုတြာ အား ဤစကားကို လျှောက်၏— “ငါ့သျှင်သာရိပုတြာ သင်၏ ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏၊ မျက်နှာအဆင်းသည် အလွန်စင်ကြယ်၏၊ အလွန်ဖြူစင်တောက်ပ၏၊ အသျှင်သည် ယနေ့ အဘယ်နေခြင်းဖြင့် နေခဲ့ပါသနည်း”ဟု လျှောက်၏။

ငါ့သျှင် ငါသည် ဝိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သောစိတ်တည် ကြည်မှု ‘သမာဓိ’ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်ခြင်း’ဝိတက် ‘ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ထိုငါ့အား “ဒုတိယဈာန်ကို ငါဝင်စားနေ၏ “ ဟူ၍လည်း ကောင်း၊ “ဒုတိယဈာန်ကို ငါ ဝင်စားခဲ့ပြီ” ဟူ၍လည်းကောင်း၊ “ဒုတိယဈာန်မှ ငါ ထခဲ့၏ “ ဟူ၍လည်း ကောင်း ဤသို့ စိတ်အကြံ မဖြစ်ဟု မိန့်တော်မူ၏။ ထိုသို့စိတ်အကြံ မဖြစ်သောကြောင့်သာလျှင် အသျှင် သာရိပုတြာသည် ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟုတပ်မက်မှု ‘တဏှာ’၊ ထောင်လွှားမှု ‘မာနာနုသယ’ တို့ကို အချိန်ကြာမြင့်စွာကပင် ကောင်းစွာပယ်နုတ်အပ်ခဲ့လေပြီ၊ ထို့ကြောင့် အသျှင်သာရိပုတြာအား “ဒုတိယ ဈာန်ကို ငါဝင်စားနေ၏”ဟူ၍လည်းကောင်း၊ “ဒုတိယဈာန်ကို ငါ ဝင်စားခဲ့ပြီ”ဟူ၍လည်းကောင်း၊ “ဒုတိယ ဈာန်မှ ငါထခဲ့ပြီ” ဟူ၍လည်းကောင်း ဤသို့ စိတ်အကြံ မဖြစ်နိုင်တော့ချေဟု (မိန့်ဆို၏)။

ဒုတိယသုတ်။