သံယုတ္တနိကာယ်—၂၈

၃—ပီတိသုတ်

၃၃၄။ သာဝတ္ထိနိဒါန်း။ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာကို မြင်၍ ။ပ။ ငါ့သျှင်သာရိပုတြာသင်၏ ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏၊ မျက်နှာအဆင်းသည် အလွန်စင်ကြယ်၏၊ အလွန်ဖြူစင်တောက်ပ၏၊ အသျှင်သည် ယနေ့ အဘယ်နေခြင်းဖြင့် နေခဲ့ပါသနည်းဟု လျှောက်၏။

ငါ့သျှင် ငါသည် နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ,သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ကိုလည်းကိုယ်ဖြင့် ခံစားရ၏၊ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို “လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြော့ကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ထိုငါ့အား “တတိယဈာန်ကို ငါဝင်စားနေ၏” ဟူ၍လည်းကောင်း၊ “တတိယဈာန်ကို ငါ ဝင်စားခဲ့ပြီ”ဟူ၍လည်းကောင်း၊ “တတိယဈာန်မှငါ ထခဲ့၏”ဟူ၍လည်းကောင်း ဤသို့ စိတ်အကြံ မဖြစ်ဟု မိန့်တော်မူ၏။ ဤသို့ စိတ်အကြံမဖြစ်သောကြောင့်သာလျှင် အသျှင်သာရိပုတြာသည် ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’၊ ထောင်လွှားမှု ‘မာနာနုသယ’တို့ကို အချိန်ကြာမြင့်စွာကပင် ကောင်းစွာ ပယ်နုတ်အပ်ခဲ့လေပြီ၊ ထို့ကြောင့်အသျှင်သာရိပုတြာအား “တတိယ ဈာန်ကို ငါ ဝင်စားနေ၏ “ ဟူ၍လည်းကောင်း၊ “တတိယဈာန်ကို ငါဝင်စားခဲ့ပြီ” ဟူ၍လည်းကောင်း၊ “တတိယဈာန်မှ ငါ ထခဲ့ပြီ “ ဟူ၍လည်းကောင်း ဤသို့ စိတ်အကြံမဖြစ်နိုင်တော့ချေဟု (မိန့်ဆို၏)။

တတိယသုတ်။