သံယုတ္တနိကာယ်—၂၈

၄—ဥပေက္ခာသုတ်

၃၃၅။ သာဝတ္ထိနိဒါန်း။ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာကို မြင်၍ ။ပ။ ငါ့သျှင်သာရိပုတြာ သင်၏ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏၊ မျက်နှာအဆင်းသည် အလွန်စင်ကြယ်၏၊ အလွန်ဖြူစင်တောက်ပ၏၊ အသျှင်သည် ယနေ့ အဘယ်နေခြင်းဖြင့် နေခဲ့ပါသနည်းဟု လျှောက်၏။

ငါ့သျှင် ငါသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းမြောက်ခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း၊ ဆင်းရဲချမ်းသာ မရှိသော ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ထိုငါ့အား “စတုတ္ထဈာန်ကိုငါ ဝင်စား၏ “ ဟူ၍လည်းကောင်း၊ “စတုတ္ထဈာန်ကို ငါ ဝင်စားခဲ့ပြီ” ဟူ၍လည်းကောင်း၊ “စတုတ္ထဈာန်မှငါ ထခဲ့၏ “ဟူ၍လည်းကောင်း ဤသို့ စိတ်အကြံ မဖြစ်ဟု မိန့်တော်မူ၏။ ဤသို့ စိတ်အကြံ မဖြစ်သောကြောင့်သာလျှင် အသျှင်သာရိပုတြာသည် ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’၊ ထောင်လွှားမှု ‘မာနာနုသယ’ တို့ကို အချိန်ကြာမြင့်စွာကပင် ကောင်းစွာ ပယ်နုတ်အပ်ခဲ့လေပြီ၊ ထို့ကြောင့်အသျှင်သာရိ ပုတြာအား “စတုတ္ထဈာန်ကို ငါ ဝင်စားနေ၏ “ဟူ၍လည်းကောင်း၊ “စတုတ္ထဈာန်ကိုငါ ဝင်စားခဲ့ပြီ”ဟူ၍လည်းကောင်း၊ “စတုတ္ထဈာန်မှ ငါ ထခဲ့ပြီ “ ဟူ၍လည်းကောင်း ဤသို့ စိတ်အကြံမဖြစ်နိုင်တော့ချေဟု (မိန့်ဆို၏)။

စတုတ္ထသုတ်။