သံယုတ္တနိကာယ်—၂၈

၉—နိရောဓသမာပတ္တိသုတ်

၃၄ဝ။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်သာရိပုတြာသည်။ပ။ ငါ့သျှင် ငါသည် နေဝသညာနာသညာယတနဈာန်ကို အကြွင်းမဲ့ လွန်မြောက်လျက် သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်ကိုပြည့်စုံစေ၍ နေ၏။ ငါ့သျှင် ထိုငါ့အား “ငါသည် သညာဝေဒနာတို့၏ ချုပ်ရာ (နိရောဓသမာပတ်)ကိုဝင်စား၏ “ ဟူ၍လည်းကောင်း၊ “သညာဝေဒနာတို့၏ ချုပ်ရာ (နိရောဓသမာပတ်)ကိုဝင်စားခဲ့ပြီ” ဟူ၍လည်းကောင်း၊ “သညာဝေဒနာတို့၏ ချုပ်ရာ (နိရောဓသမာပတ်) မှထခဲ့၏ “ ဟူ၍လည်းကောင်း ဤသို့ စိတ်အကြံ မဖြစ်ဟု မိန့်တော်မူ၏။

ဤသို့ စိတ်အကြံ မဖြစ်သောကြောင့်သာလျှင် အသျှင်သာရိပုတြာသည် ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟုတပ်မက်မှု ‘တဏှာ’၊ ထောင်လွှားမှု ‘မာနာနုသယ’ တို့ကို အချိန်ကြာမြင့်စွာကပင် ကောင်းစွာပယ်နုတ်အပ်ခဲ့ လေပြီ၊ ထို့ကြောင့် အသျှင်သာရိပုတြာအား “ငါသည် သညာဝေဒနာတို့၏ ချုပ်ရာ (နိရောဓသမာပတ်)ကို ဝင်စားနေ၏ “ ဟူ၍လည်းကောင်း၊ “သညာဝေဒနာတို့၏ ချုပ်ရာ (နိရောဓသမာပတ်)ကို ဝင်စားခဲ့ပြီ” ဟူ၍လည်းကောင်း၊ “သညာဝေဒနာတို့၏ ချုပ်ရာ (နိရောဓသမာပတ်) မှ ထခဲ့ပြီ” ဟူ၍လည်းကောင်း ဤသို့ စိတ်အကြံ မဖြစ်နိုင်တော့ချေဟု (မိန့်ဆို၏)။

နဝမသုတ်။