သံယုတ္တနိကာယ်—၂၉

၁၁—၂ဝ—အဏ္ဍဇဒါနူပကာရသုတ် ဆယ်သုတ်

၃၅၂—၃၆၁။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုရဟန်းသည် မြတ်စွာဘုရားအား “အသျှင် ဘုရား ဤလောက၌ အချို့သော သူ၏ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ အဏ္ဍဇနဂါးတို့၏အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု ဤစကားကို လျှောက်၏။

ရဟန်း ဤလောက၌ အချို့သော သူသည်ကိုယ်ဖြင့် နှစ်မျိုးသော ကံကို ပြု၏၊ နှုတ်ဖြင့် နှစ်မျိုးသော ကံကို ပြု၏၊ စိတ်ဖြင့် နှစ်မျိုးသော ကံကို ပြု၏၊ ထိုသူသည် “အဏ္ဍဇနဂါးတို့သည် အသက်ရှည်ကြ၏၊ အဆင်းလှကြ၏၊ ချမ်းသာများကြ၏ “ဟု ကြားအပ်ဖူး၏၊ ထိုသူအား “ငါသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ အဏ္ဍဇနဂါးတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု ဤသို့ အကြံ ဖြစ်၏၊ ထိုသူသည် ထမင်းကို ပေးလှူ၏၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ အဏ္ဍဇနဂါးတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရ၏။ ရဟန်း ဤသည်ပင် အကြောင်းတည်း။ပ။ ထိုသူသည် အဖျော်ကို ပေးလှူ၏။ပ။ အဝတ်ကို ပေးလှူ၏။ပ။ ယာဉ်ကို ပေးလှူ၏။ပ။ ပန်းကို ပေးလှူ၏။ပ။ နံ့သာကို ပေးလှူ၏။ပ။ နံ့သာပျောင်းကို ပေးလှူ၏။ပ။ အိပ်ရာကို ပေးလှူ၏။ပ။ နေရာကျောင်းကိုပေးလှူ၏။ပ။ ဆီမီးကို ပေးလှူ၏။ပ။ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ အဏ္ဍဇနဂါးတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရ၏။

ရဟန်း ဤလောက၌ အချို့သော သူ၏ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ အဏ္ဍဇနဂါးတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (ဟောတော်မူ၏)။

ဝီသတိမသုတ်။