သံယုတ္တနိကာယ်—၂၉

၃—ဥပေါသထသုတ်

၃၄၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချုဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၍ မြတ်စွာဘုရားအား— “အသျှင်ဘုရား ဤလောက၌ အချို့သော အဏ္ဍဇနဂါးတို့ ဥပုသ်ကျင့်သုံးကြကာကိုယ်ကို စွန့်ထားခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု ဤစကားကို လျှောက်၏။

ရဟန်း ဤလောက၌ အချို့သော အဏ္ဍဇနဂါးတို့အား ဤသို့ အကြံ ဖြစ်ပေါ်၏— “ ငါတို့သည် ရှေးကကိုယ်ဖြင့် နှစ်မျိုးသော ကံကို ပြုခဲ့ကြ၏၊ နှုတ်ဖြင့် နှစ်မျိုးသော ကံကို ပြုခဲ့ကြ၏၊ စိတ်ဖြင့် နှစ်မျိုးသောကံကို ပြုခဲ့ကြ၏၊ ထိုငါတို့သည်ကိုယ်ဖြင့် နှစ်မျိုးသော ကံကို ပြုခဲ့ကြကုန်သည် နှုတ်ဖြင့် နှစ်မျိုးသောကံကို ပြုခဲ့ကြကုန်သည် စိတ်ဖြင့် နှစ်မျိုးသော ကံကို ပြုခဲ့ကြကုန်သည် ဖြစ်၍ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ အဏ္ဍဇနဂါးတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ခဲ့ကြရကုန်၏၊ ငါတို့သည်ယနေ့ကိုယ်ဖြင့် ကောင်းသော အကျင့်ကို အကယ်၍ ကျင့်ကြရလျှင် နှုတ်ဖြင့် ကောင်းသော အကျင့်ကိုအကယ်၍ ကျင့်ကြရလျှင် စိတ်ဖြင့် ကောင်းသော အကျင့်ကို အကယ်၍ ကျင့်ကြရလျှင် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ရွာလောကသို့ ရောက်ကြရပေကုန်အံ့၊ ယခုအခါ ငါတို့သည်ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကုန်အံ့၊ နှုတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်အံ့၊ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကုန်အံ့ “ဟု အကြံ ဖြစ်၏။

ရဟန်း ဤလောက၌ အချို့သော အဏ္ဍဇနဂါးတို့ ဥပုသ်ကျင့်သုံးကြကာကိုယ်ကို စွန့်ထားခြင်း၏အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (ဟောတော်မူ၏)။

တတိယသုတ်။