သံယုတ္တနိကာယ်—၂၉

၆—စတုတ္ထ ဥပေါသထသုတ်

၃၄၇။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုရဟန်းသည် မြတ်စွာဘုရားအား”အသျှင်ဘုရား ဤလောက၌ အချို့သော သြပပါတိကနဂါးတို့ ဥပုသ်ကျင့်သုံးကြကာကိုယ်ကို စွန့်ထားခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု ဤစကားကို လျှောက်၏။

ရဟန်း ဤလောက၌ အချို့သော သြပပါတိကနဂါးတို့အား ဤသို့ အကြံ ဖြစ်၏— “ငါတို့သည် ရှေးကကိုယ်ဖြင့် နှစ်မျိုးသော ကံကို ပြုခဲ့ကြကုန်၏၊ နှုတ်ဖြင့် နှစ်မျိုးသော ကံကို ပြုခဲ့ကြကုန်၏၊ စိတ်ဖြင့်နှစ်မျိုးသော ကံကို ပြုခဲ့ကြကုန်၏၊ ထိုငါတို့သည်ကိုယ်ဖြင့် နှစ်မျိုးသော ကံကို ပြုခဲ့ကြကုန်သည်နှုတ်ဖြင့် နှစ်မျိုးသော ကံကို ပြုခဲ့ကြကုန်သည် စိတ်ဖြင့် နှစ်မျိုးသော ကံကို ပြုခဲ့ကြကုန်သည် ဖြစ်၍ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ သြပပါတိကနဂါးတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ခဲ့ကြ၏။

ငါတို့သည် ယခုအခါကိုယ်ဖြင့် ကောင်းသော အကျင့်ကို အကယ်၍ ကျင့်ကြရလျှင် နှုတ်ဖြင့်ကောင်းသော အကျင့်ကို အကယ်၍ ကျင့်ကြရလျှင် စိတ်ဖြင့် ကောင်းသော အကျင့်ကို အကယ်၍ ကျင့်ကြရလျှင် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာနတ်ရွာလောကသို့ ရောက်ကြရပေကုန်အံ့။ ယခု အခါ ငါတို့သည်ကိုယ်ဖြင့် ကောင်းသော အကျင့်ကိုကျင့်ကုန်အံ့၊ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကုန်အံ့၊ စိတ်ဖြင့် ကောင်းသော အကျင့်ကိုကျင့်ကုန်အံ့”ဟု အကြံ ဖြစ်၏။

ရဟန်း ဤလောက၌ အချို့သော သြပပါတိကနဂါးတို့ ဥပုသ်ကျင့်သုံးကြကာကိုယ်ကို စွန့်ထား ခြင်း၏အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (ဟောတော်မူ၏)။

ဆဋ္ဌသုတ်။