သံယုတ္တနိကာယ်—၃

၁—ပဌမဝဂ်

၁—ဒဟရသုတ်

၁၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပသေနဒီ ကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ် ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင် ပြီးသော် “အသျှင်ဂေါတမသည်လည်း ‘အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏’ဟူ၍ ဝန်ခံ သလော”ဟု မြတ်စွာဘုရားအား လျှောက်၏၊ မင်းကြီး “အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏”ဟူသော စကားကို ကောင်းစွာ ဆိုလိုသူသည် ငါ့ကိုသာလျှင် (ရည်ညွှန်း၍) ဆိုသည် ဖြစ်ရာ၏။ မင်းကြီး မှန်၏၊ ငါသည် အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အကြင်သမဏဗြာဟ္မဏတို့သည်လည်း သံဃာနှင့် ပြည့်စုံကုန်၏၊ ဂိုဏ်းနှင့် ပြည့်စုံ ကုန်၏၊ ဂိုဏ်းဆရာဖြစ်ကုန်၏၊ ထင်ရှားကုန်၏၊ များသော အခြံအရံ ရှိကုန်၏၊ အယူဝါဒကို တီထွင်ကုန်၏၊ လူအများက သူတော်ကောင်းဟု သမုတ်အပ်ကုန်၏။ ဤသမဏဗြာဟ္မဏတို့သည် အဘယ်သူတို့နည်း၊ ပူရဏကဿပ၊ မက္ခလိ ဂေါသာလ၊ နိဂဏ္ဌနာဋပုတ္တ၊ ဗေလဋ္ဌ၏ သား သိဉ္စည်း၊ ပကုဓကစ္စာယန၊ လူတို့၏ ဆံပင်ဖြင့် ရက်သော ကမ္ဗလာကို ဆောင်သော အဇိတတို့တည်း။ ထိုသမဏဗြာဟ္မဏတို့သော်မှလည်း ငါသည် “အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏ဟူ၍ ဝန်ခံကုန်သလော”ဟု မေးအပ်ကုန် သည်ရှိသော် “အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏”ဟု ဝန်မခံကုန်၊ အသျှင်ဂေါတမသည် ဇာတ်အနွယ်အားဖြင့် ငယ်လည်း ငယ်၏၊ ရဟန်းပြုသစ်စလည်း ဖြစ်၏၊ သို့ဖြစ်လျက် အဘယ့်ကြောင့် ဝန်ခံသနည်းဟု (လျှောက်၏)။

မင်းကြီး ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုအပ်ကုန် ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုအပ်ကုန်သော အရာတို့ကား ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ—

(၁) မင်းကြီး မင်းသားကို ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုအပ်၊ ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုအပ်။

(၂) မင်းကြီး မြွေကို ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုအပ်၊ ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုအပ်။

(၃) မင်းကြီး မီးကို ‘သေးငယ်၏’ဟူ၍ မထေမဲ့မြင် မပြုအပ်၊ ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုအပ်။

(၄) မင်းကြီး ရဟန်းကို ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုအပ်၊ ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုအပ်။

မင်းကြီး ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုအပ်ကုန် ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုအပ်ကုန်သော အရာတို့ကား ဤလေးပါးတို့တည်း။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး လူနတ်တို့၏ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —

မင်းြ ကီး လူသည် ဇာတ်အမျိုးနှင့် ပြည့်စုံသော ဇာတ်သုံးမျိုးကို လွန်၍ ဖြစ်သော များသော အခြံအရံရှိသော မင်းသားကို ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုရာ၊ ပြက်ရယ် မပြုရာ။

အကြောင်းမူကား လူတို့ထက်မြတ်သော ထိုမင်းသားသည် မင်းအဖြစ်ကို ရသည် ရှိသော် အမျက်ထွက်သည် ဖြစ်၍ ရာဇဒဏ်ဖြင့် ထိုသူအား ပြင်းစွာ လုံ့လပြုတတ်၏၊ ထို့ကြောင့် မိမိ၏ အသက်ကို စောင့်ရှောက်လိုသူသည် ထိုသို့ မထေမဲ့မြင် ပြုခြင်းမှ ရှောင်ကြဉ်ရာ၏။

လူသည် ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း အကြင်အရပ်၌ မြွေကို မြင် ရာ၏၊ ထိုအရပ်၌ ထိုမြွေကို ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုရာ၊ ပြက်ရယ် မပြုရာ။

တန်ခိုးရှိသော မြွေသည် အထူးထူးအပြားပြားသော အဆင်းသဏ္ဌာန်တို့ဖြင့် လှည့်လည်တတ်၏၊ ထိုမြွေသည် တစ်ရံတစ်ခါ မိမိအနီးသို့ ရောက်၍ မလိမ္မာသော လူယောကျာ်းကိုလည်းကောင်း၊ လူမိန်းမကိုလည်းကောင်း ကိုက်ရာ၏။ ထို့ကြောင့် မိမိအသက်ကို စောင့်ရှောက်လိုသူသည် ထိုသို့ မထေမဲ့မြင် ပြုခြင်းမှ ရှောင်ကြဉ်ရာ၏။

မင်းကြီး လူသည် များသော လောင်စာရှိသော အလျှံရှိသော မည်းနက်သည့် သွားရာ လမ်းကြောင်းရှိသော ထိုမီးကို ‘သေးငယ်၏’ဟူ၍ မထေမဲ့မြင် မပြုရာ၊ ပြက်ရယ် မပြုရာ။

ထိုမီးသည် လောင်စာကို ရသော် ကြီးမားသည်ဖြစ်၍ တစ်ရံတစ်ခါ မိမိအနီးသို့ ရောက်လာသော မလိမ္မာသော လူယောကျာ်းကိုလည်းကောင်း၊ လူမိန်းမကိုလည်းကောင်း လောင်ရာ၏။ ထို့ကြောင့် မိမိအသက်ကို စောင့်ရှောက်လိုသူသည် ထိုသို့ မထေမဲ့မြင် ပြုခြင်းမှ ရှောင်ကြဉ်ရာ၏။

လောင်သည်၏ အစွမ်းအားဖြင့် သုတ်သင်တတ်သော မည်းနက်သည့် သွားရာ လမ်းကြောင်းရှိသော မီးသည် အကြင်တောကို လောင်၏၊ ထိုတော၌ မြက် သစ်ပင် စသည်တို့သည် နေ့ညဉ့်များစွာ လွန်ကုန်သော်မှသာ ပေါက်ရောက်နိုင်ကုန်၏။

မင်းကြီး သီလနှင့် ပြည့်စုံသော ရဟန်းသည် (သီလတည်းဟူသော) တန်ခိုးဖြင့် အကြင် (မထေမဲ့မြင် ပြုအပ်သော) သူကို လောင်တတ်၏။ ထိုသူအား သားသမီးတို့ သည်လည်းကောင်း၊ အခြေလေးချောင်းရှိ ကျွဲနွားစသော သားကောင်တို့သည်လည်းကောင်း မဖြစ်ထွန်းကုန်။ အမွေခံတို့သည်လည်း အမွေဥစ္စာကို မရကုန်၊ ထိုသူတို့ သည် သားသမီး မရှိကုန်သည် အမွေခံ မရှိကုန်သည် ဖြစ်၍ ထန်းပင်ငုတ်နှင့် တူ ကုန်၏။

ထို့ကြောင့်သာလျှင် မိမိ၏အကျိုးစီးပွားကို ကောင်းစွာ သိမြင်သော ပညာရှိသော ပုဂ္ဂိုလ်သည် မြွေကိုလည်းကောင်း၊ မီးကိုလည်းကောင်း၊ များသော အခြံအရံရှိသော မင်းကိုလည်းကောင်း၊ သီလနှင့် ပြည့်စုံသော ရဟန်းကိုလည်းကောင်း ကောင်းစွာ သာလျှင် ကျင့်ရာ၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဘုရား တရားတော် သည် အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသော ဝတ္ထုကို လှန်ဘိ သကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းကို မြင် ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း့ဤအတူသာလျှင် မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက် ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက်၏)။