သံယုတ္တနိကာယ်—၃

၂—ဒုတိယဝဂ်

၁—သတ္တဇဋိလသုတ်

၁၂၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်း မိဂါရသူဌေး၏ အမိအရာ၌ တည်သော ဝိသာခါ ဆောက်လုပ်သည့် ပြာသာဒ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ညချမ်း အချိန် တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထတော်မူ၍ တံခါးမုခ်အပြင်၌ ထိုင်နေတော်မူ၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေစဉ် ရှည်သော လက်ကတီးမွေး ရှည်သော ခြေသည်းလက်သည်း ရှည်သော အမွေးရှိကုန် သော ဆံကျစ်ထုံး ရသေ့ခုနစ်ယောက်၊ နိဂဏ္ဌတက္ကတွန်းခုနစ်ယောက်၊ အစေလကတက္ကတွန်းခုနစ်ယောက်၊ တစ်ထည်တည်း ဝတ်သော တိတ္ထိခုနစ်ယောက်၊ ပရိဗိုဇ်ခုနစ်ယောက်တို့သည် အထူးထူးအပြားပြားသော ရသေ့အသုံးအဆောင်တို့ကို ယူကုန်၍ မြတ်စွာဘုရား၏ မနီးမဝေး၌ လွန်၍ သွားကြကုန်၏။

ထိုအခါ ပသေနဒီကောသလမင်းသည် နေရာမှ ထကာ ပခုံးတစ်ဖက်၌ ကိုယ်ဝတ်ကို စံပယ်တင်၍ လက်ယာပုဆစ်ဒူးဝန်းကို မြေ၌ ထောက်လျက် ထိုဆံကျစ်ထုံးရသေ့ခုနစ်ယောက်၊ နိဂဏ္ဌတက္ကတွန်းခုနစ် ယောက်၊ အစေလကတက္ကတွန်းခုနစ်ယောက်၊ တစ်ထည်တည်း ဝတ်သော တိတ္ထိခုနစ်ယောက်၊ ပရိဗိုဇ် ခုနစ်ယောက်တို့ ရှိရာသို့ လက်အုပ်ကို ညွတ်၍— “အသျှင်ဘုရားတို့ အကျွန်ုပ်သည် ပသေနဒီကောသလမင်း ပါတည်း။ပ။ အသျှင်ဘုရားတို့ အကျွန်ုပ်သည် ပသေနဒီကောသလမင်းပါတည်း”ဟု သုံးကြိမ် အမည်ကို ပြောကြား၏။

ထို့နောက် ပသေနဒီကောသလမင်းသည် ထိုဆံကျစ်ထုံးရသေ့ခုနစ်ယောက်၊ နိဂဏ္ဌတက္ကတွန်းခုနစ် ယောက်၊ အစေလကတက္ကတွန်းခုနစ်ယောက်၊ တစ်ထည်တည်း ဝတ်သော တိတ္ထိခုနစ်ယောက်၊ ပရိဗိုဇ်ခုနစ် ယောက်တို့ ဖဲသွား၍ မကြာမြင့်မီ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခု သော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား— “အရှင်ဘုရား လောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ အရဟတ္တမဂ်ကို ရကုန်သော ပုဂ္ဂိုလ်တို့သည်လည်းကောင်း ရှိကုန်၏။ ထိုရသေ့တက္ကတွန်း ပရိဗိုဇ်တို့သည် ထိုရဟန္တာ အရဟတ္တမဂ် ရသူတို့တွင် တစ်ယောက်အပါအဝင် ဖြစ်ကုန်၏”ဟု လျှောက်၏။

မင်ကြီး ကာမဂုဏ်ကို ခံစားလေ့ရှိသော သားသမီးတို့ဖြင့် ကျဉ်းမြောင်းသော နေရာ၌ နေသော ကာသိတိုင်းထွက် စန္ဒကူးကို သုံးဆောင်သော ပန်း နံ့သာ နံ့သာပျောင်းကို ဆောင်လေ့ရှိသော ရွှေငွေကို သာယာသော လူဖြစ်သော သင်သည် “ဤပုဂ္ဂိုလ်တို့သည် ရဟန္တာ ဖြစ်ကုန်၏၊ ဤပုဂ္ဂိုလ်တို့သည် အရဟတ္တမဂ်သို့ ရောက်ကုန်၏”ဟူသော အကြောင်းကို သိနိုင်ခဲသည်သာတည်း။

မင်းကြီး သီလကို အတူတကွ နေသဖြင့် သိနိုင်၏၊ ထိုသိနိုင်ခြင်းကိုလည်း ကာလကြာမြင့်မှသာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်။

မင်းကြီး စင်ကြယ်သော အဖြစ်ကို နှီးနှောပြောဆိုသဖြင့် သိနိုင်၏၊ ထိုသိနိုင်ခြင်းသည်လည်း ကာလ ကြာမြင့်မှသာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်။

မင်းကြီး ဘေးရန်ရှိသော အခါတို့၌ ဉာဏ်စွမ်းကို သိနိုင်၏၊ ထိုဉာဏ်စွမ်းကိုလည်း ကာလကြာမြင့်မှ့သာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်။

မင်းကြီး ပညာကို ဆွေးနွေးသဖြင့်သာ သိနိုင်၏၊ ထိုဆွေးနွေးခြင်းကိုလည်း ကာလကြာမြင့်မှသာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသောသူ သည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အံ့ဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရား သည် “မင်းကြီး ကာမဂုဏ်ကို ခံစားလေ့ရှိသော သားသမီးတို့ဖြင့် ကျဉ်းမြောင်းသော နေရာ၌ နေသော ကာသိတိုင်းထွက် စန္ဒကူးကို သုံးဆောင်သော ပန်း နံ့သာ နံ့သာပျောင်းကို ဆောင်လေ့ရှိသော ရွှေငွေကို သာယာသော လူဖြစ်သော သင်မင်းကြီးသည် ‘ဤပုဂ္ဂိုလ်တို့သည် ရဟန္တာ ဖြစ်ကုန်၏၊ ဤပုဂ္ဂိုလ်တို့သည် အရဟတ္တမဂ်သို့ ရောက်ကုန်၏’ ဟူသော ဤအကြောင်းကို သိနိုင်ခဲသည်သာတည်း။

မင်းကြီး သီလကို အတူတကွ နေသဖြင့် သိနိုင်၏၊ ထိုသိခြင်းကိုလည်း ကာလကြာမြင့်မှသာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်။

မင်းကြီး စင်ကြယ်သည်၏ အဖြစ်ကို နှီးနှောပြောဆိုသဖြင့် သိနိုင်၏၊ ထိုသိခြင်းကိုလည်း ကာလ ကြာမြင့်မှသာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်။

မင်းကြီး ဘေးရန်ရှိသော အခါတို့၌ ဉာဏ်စွမ်းကို သိနိုင်၏၊ ထိုဉာဏ်စွမ်းကိုလည်း ကာလကြာမြင့်မှ သာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိနိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်။

မင်းကြီး ပညာကို ဆွေးနွေးသဖြင့်သာ သိနိုင်၏၊ ထိုသိခြင်းကိုလည်း ကာလကြာမြင့်မှသာ သိနိုင်၏၊ တိုသော ကာလဖြင့် မသိနိုင်။ နှလုံးသွင်းသော သူသည်သာ သိနိုင်၏၊ နှလုံး မသွင်းသော သူသည် မသိ နိုင်။ ပညာရှိသော သူသည်သာ သိနိုင်၏၊ ပညာ မဲ့သော သူသည် မသိနိုင်”ဟု မိန့်ဆိုအပ်သော ဤစကား သည် အလွန်ကောင်းစွာ ဆိုအပ်သော စကား ဖြစ်ပါ၏။

အသျှင်ဘုရား အကျွန်ုပ်၏ မင်းချင်းယောကျာ်းဖြစ်ကုန်သော လျှို့ဝှက်လှည့်လည်ကုန်သော ထိုသူလျှိုတို့သည် ဇနပုဒ်ကို စူးစမ်း၍ လာကုန်၏၊ ထိုသူလျှိုတို့သည် ရှေးဦးစွာ စုံစမ်းအပ်ပြီးသည်ကို အကျွန်ုပ် သည် နောက်မှ ဆုံးဖြတ်ပြီးစီးစေပါ၏၊ အသျှင်ဘုရား ယခုအခါ၌ ထိုမင်းချင်းတို့သည် ထိုမြူအညစ် အကြေးကို မျှောကုန်၍ ကောင်းစွာ ရေချိုးကုန်သည် ကောင်းစွာ လိမ်းကျံအပ်ကုန်သည် ပြုပြင်ပြီးသော ဆံမုတ်ဆိတ်ရှိကုန်သည် ဖြစ်၍ ဖြူစင်သော အဝတ်ကို ဝတ်ဆင်ကုန်လျက် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံ ပြည့်စုံကြသည် ဖြစ်၍ မွေ့လျော်ကုန်လတ္တံ့ဟု (လျှောက်လေ၏)၊ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိ၍ ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏—

“အဆင်းသဏ္ဌာန်ဖြင့် လူကို သိလွယ်သည် မဟုတ်၊ အခိုက်အတန့် မြင်ကာမျှဖြင့် အကျွမ်းမဝင်ရာ။ မှန်၏၊ (ကိုယ်နှုတ်နှလုံး) မစောင့်စည်းသော သူတို့သည် ကောင်းစွာ (ကိုယ်နှုတ်နှလုံး) ကို စောင့်စည်းသော သူတို့၏ အသုံးအဆောင်ဖြင့် ဤလောကကို လှည့်လည်ကုန်၏။

အတွင်း၌ မစင်ကြယ်ကုန်သော သူတို့သည် အတုဖြစ်သော မြေနားတောင်း ကဲ့သို့လည်းကောင်း၊ ကြေးပဲဝက်မျှထိုက်သော ရွှေရည်ပွတ်နားတောင်းကဲ့သို့လည်းကောင်း ဖြစ်၍ အပ၌ တင့်တယ်ကုန်သည်ဖြစ်၍ အခြံအရံဖြင့် ဖုံးလွှမ်းကုန်သည် ဖြစ်၍ ဤလောက၌ လှည့်လည်ကုန်၏”ဟု (ရွတ်ဆိုတော်မူ၏)။