သံယုတ္တနိကာယ်—၃

၂—ဒုတိယဝဂ်

၂—ပဉ္စရာဇသုတ်

၁၂၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံကုန်သည် ဖြစ်၍ မွေ့လျော် ကုန်သော ပသေနဒီအမှူးရှိကုန်သော ငါးယောက်ကုန်သော မင်းတို့အား— “ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း”ဟူသော ဤအကြားစကားသည် ထင်ရှားဖြစ်၏၊ ထိုမင်းတို့တွင် အချို့သော မင်းတို့သည် “ကာမဂုဏ်တို့တွင် ရူပါရုံတို့သည် မြတ်ကုန်၏”ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် “ကာမဂုဏ်တို့တွင် သဒ္ဒါရုံတို့သည် မြတ်ကုန်၏”ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် “ကာမဂုဏ်တို့တွင် ဂန္ဓာရုံတို့သည် မြတ်ကုန်၏”ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် “ကာမဂုဏ်တို့တွင် ရသာရုံတို့သည် မြတ်ကုန်၏”ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် “ကာမဂုဏ်တို့တွင် ဖောဋ္ဌဗ္ဗာရုံတို့သည် မြတ်ကုန်၏”ဟု ဆိုကုန်၏၊ မင်းတို့သည် အချင်းချင်း သိစေခြင်းငှါ မတတ်နိုင်ကုန်။

ထိုအခါ ပသေနဒီကောသလမင်းသည် ထိုမင်းတို့အား ဤစကားကို ဆို၏— “အချင်းတို့ လာ သွားကြကုန်စို့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားအား ထိုအကြောင်းကို မေးလျှောက်ကြ ကုန်စို့၊ ငါတို့သည် မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအကြောင်းကို မှတ်ကုန်အံ့” (ဟု ဆို၏)၊ “အကြည်တော် ကောင်းပါပြီ”ဟု ထိုမင်းတို့သည် ပသေနဒီကောသလမင်းကြီး၏ စကားကို ဝန်ခံကြကုန်၏။

ထို့နောက် ပသေနဒီအမှူးရှိကုန်သော ထိုမင်းငါးဦးတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင်ကြပြီးသော် ပသေနဒီကောသလမင်းလည်း မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံကုန် သည်ဖြစ်၍ မွေ့လျော်ကုန်သော အကျွန်ုပ်တို့ မင်းငါးယောက်တို့အား ‘ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း’ဟူသော အကြားစကားသည် ထင်ရှားဖြစ်ပါ၏၊ “အချို့သော မင်းတို့သည် ‘ကာမဂုဏ်တို့တွင် ရူပါရုံတို့သည် မြတ်ကုန်၏’ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် ‘ကာမဂုဏ်တို့တွင် သဒ္ဒါရုံတို့သည် မြတ်ကုန်၏’ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် ‘ကာမဂုဏ်တို့တွင် ဂန္ဓာရုံတို့သည် မြတ် ကုန်၏’ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် ‘ကာမဂုဏ်တို့တွင် ရသာရုံတို့သည် မြတ်ကုန်၏’ဟု ဆိုကုန်၏၊ အချို့သော မင်းတို့သည် ‘ကာမဂုဏ်တို့တွင် ဖောဋ္ဌဗ္ဗာရုံတို့သည် မြတ်ကုန်၏’ဟု ဆိုကုန်၏။ အသျှင်ဘုရား ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း”ဟု (လျှောက်၏)။

“မင်းကြီး ကာမဂုဏ်ငါးပါးတို့၌ နှစ်သက်ခြင်းလျှင် အထွတ်အထိပ်ရှိသော ကာမဂုဏ်ကို စင်စစ် မြတ်၏”ဟူ၍ ငါဘုရား ဟောတော်မူ၏၊ ထိုရူပါရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ရူပါရုံတို့ဖြင့် နှစ်လို၏၊ ပြည့်စုံ သော အကြံရှိ၏၊ ထိုသူသည် ဤရူပါရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူး သဖြင့် မြတ်သည်လည်းဖြစ်သော ရူပါရုံကို မတောင့်တ၊ ထိုသူအား ထိုရူပါရုံတို့သည် မြတ်ကုန်၏၊ ထို သူအား ထိုရူပါရုံတို့သည် အတူ မရှိကုန်။

မင်းကြီး ထိုသဒ္ဒါရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်သဒ္ဒါရုံတို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူ သည် ထိုသဒ္ဒါရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်း ဖြစ်သော သဒ္ဒါရုံကို မတောင့်တ၊ ထိုသူအား ထိုသဒ္ဒါရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုသဒ္ဒါရုံတို့သည် အတူ မရှိကုန်။

မင်းကြီး ထိုဂန္ဓာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ဂန္ဓာရုံတို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူ သည် ထိုဂန္ဓာရုံမှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်းဖြစ့်သော ဂန္ဓာရုံကို မတောင့်တ၊ ထိုသူအား ထိုဂန္ဓာရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုဂန္ဓာရုံတို့သည် အတူ မရှိကုန်။

မင်းကြီး ထိုရသာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ရသာရုံတို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူ သည် ထိုရသာရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်း ဖြစ်သော ရသာရုံကို မတောင့်တ၊ ထိုသူအား ထိုရသာရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုရသာရုံတို့ သည် အတူ မရှိကုန်။

မင်းကြီး ထိုဖောဋ္ဌဗ္ဗာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ဖောဋ္ဌဗ္ဗာရုံတို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုဖောဋ္ဌဗ္ဗာရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်းဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို မတောင့်တ၊ ထိုသူအား ထိုဖောဋ္ဌဗ္ဗာရုံတို့သည် မြတ်ကုန်၏၊ ထို သူအား ထိုဖောဋ္ဌဗ္ဗာရုံတို့သည် အတူ မရှိကုန်ဟု (မိန့်တော်မူ၏)။

ထိုအခါ၌ စန္ဒနင်္ဂလိကဥပါသကာသည် ထိုပရိသတ်၌ ထိုင်နေ၏၊ ထိုအခါ စန္ဒနင်္ဂလိကဥပါသကာသည် နေရာမှ ထ၍ ပခုံးတစ်ဖက်၌ ကိုယ်ဝတ်ကို စံပယ်တင်လျက် မြတ်စွာဘုရားအား လက်အုပ်ချီကာ ဤ စကားကို လျှောက်၏— “ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်အား (တစ်ခုသော အကြောင်းသည်) ထင်လာပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်အား (တစ်ခုသော အကြောင်းသည်) ထင်လာပါ၏”ဟု (လျှောက်၏)။ စန္ဒနင်္ဂလိက သင့်အား ထိုတစ်ခုသော အကြောင်း သည် ထင်စေလော့ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ၌ စန္ဒနင်္ဂလိကဥပါသကာသည် မြတ်စွာဘုရား၏ မျက်မှောက်တော်၌ ထိုအား လျောက်ပတ်သော ဂါထာဖြင့် ချီးကျူး၏—

“ကောင်း သော အနံ့ ရှိသော , နံနက် အခါ၌ ပွင့် သော , မကင်း သော အနံ့ ရှိသော , ကောကနဒအမည်ရှိသော ပဒုမ္မာကြာကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ ထွန်း တောက်ပသော နေမင်းကဲ့သို့လည်းကောင်း တင့်တယ်တော်မူသော ကိုယ်တော်မှ ပြိုးပြိုးပြက်ပြက် ထွက်သော အရောင်ရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်လော့”ဟု (ချီးကျူး၏)။

ထိုအခါ၌ ထိုမင်းငါးယောက်တို့သည် စန္ဒနင်္ဂလိကဥပါသကာအား ငါးထည်သော စုလျားပုဆိုးတို့ကို ပေးကုန်၏၊ ထိုအခါ စန္ဒနင်္ဂလိကဥပါသကာသည် ငါးထည်သော စုလျားပုဆိုးတို့ကို မြတ်စွာဘုရားအား လှူ၏။