သံယုတ္တနိကာယ်—၃

၂—ဒုတိယဝဂ်

၃—ဒေါဏပါကသုတ်

၁၂၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ ပသေနဒီကောသလမင်းသည် တစ်စိတ်ချက် ထမင်းကို စား၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် ထမင်းစားပြီးသော် မအီမသာ ပင်ပန်းလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ ထိုအခါ မြတ်စွာဘုရားသည် ထမင်းစားပြီး၍ မအီမသာ ပင်ပန်းနေသော ပသေနဒီကောသလမင်းကို သိ၍ ထိုအချိန်၌ ဤဂါထာကို ရွတ်တော်မူ၏—

“အခါခပ်သိမ်း သတိနှင့် ပြည့်စုံသော , ရအပ်သော စားသုံးဖွယ်၌ အတိုင်း အရှည်ကို သိသော ထိုသူအား ဝေဒနာတို့သည် နည်းပါးကုန်၏၊ (သုံးဆောင်အပ် သော အာဟာရသည်လည်း) အသက်ကို စောင့်သည်ဖြစ်၍ နူးညံ့စွာ ကြေညက်၏”ဟု ရွတ်ဆို၏။

ထိုအခါ၌ သုဒဿနလုလင်သည် ပသေနဒီကောသလမင်းကြီး၏ နောက်၌ တည်ရှိနေ၏၊ ထိုအခါ့ပသေနဒီကောသလမင်းသည် သုဒဿနလုလင်အား “အချင်းသုဒဿန သင်သည် လာခဲ့လော့၊ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို သင်ယူ၍ ငါ ထမင်းစားတိုင်း ထမင်းစားတိုင်းသော အခါ၌ ရွတ်ဆို လော့၊ ငါသည်လည်း သင့်အား နေ့တိုင်း အသပြာတစ်ရာ အသပြာတစ်ရာ ရိက္ခာကို အမြဲပေးအံ့”ဟု မိန့်တော်မူ၏၊ သုဒဿနလုလင်သည် “မင်းမြတ် ကောင်းပါပြီ”ဟု ပသေနဒီကောသလမင်းကြီးအား ဝန်ခံ၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို သင်ယူပြီးလျှင် ပသေနဒီကောသလမင်းကြီး ထမင်းစားသော အခါ၌—

“အခါခပ်သိမ်း သတိနှင့် ပြည့်စုံသော , ရအပ်သော စားသုံးဖွယ်တို့၌ အတိုင်း အရှည်ကို သိသော ထိုသူအား ဝေဒနာတို့သည် နည်းပါးကုန်၏၊ (သုံးဆောင်အပ် သော အာဟာရသည်လည်း) အသက်ကို စောင့်သည်ဖြစ်၍ နူးညံ့စွာ ကြေညက်၏”ဟု ရွတ်ဆို၏။

ထိုအခါ၌ ပသေနဒီကောသလမင်းသည် အစဉ်သဖြင့် တကွမ်းစားချက်ထမင်း အတိုင်းအရှည်၌ တည်၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် နောက်ကာလ၌ ကောင်းစွာ လျော့ပါးသော ကိုယ်ရှိသည်ဖြစ်၍ ကိုယ်တို့ကို လက်ဖြင့် အဖန်တလဲလဲ သုံးသပ်လျက် ထိုအချိန်၌ “မြတ်စွာဘုရားသည် မျက်မှောက်ဘဝ၌ ဖြစ်သော အကျိုးဖြင့်လည်းကောင်း၊ တမလွန်ဘဝ၌ဖြစ်သော အကျိုးဖြင့်လည်းကောင်း နှစ်ပါးစုံသော အကျိုးဖြင့် အကျွန်ုပ်ကို အစဉ်သနား စောင့်ရှောက်တော်မူ၏”ဟု ဥဒါန်းစကား ကျူးရင့်မြွက်ဆို၏။