သံယုတ္တနိကာယ်—၃

၂—ဒုတိယဝဂ်

၄—ပဌမ သင်္ဂါမသုတ်

၁၂၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ပသေနဒီကောသလမင်းကို (စစ်တိုက်ရန်) ကာသိရွာသို့ ချီတက်၏၊ ပသေနဒီကောသလမင်းသည် “မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏သား အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ငါ့ကို (စစ်တိုက်ရန်) ကာသိရွာသို့ ချီတက် လာသတတ်”ဟု ကြားလေ၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းကို (ခုခံတိုက်ခိုက် ရန်) ကာသိရွာသို့ ကြိုတင်ချီတက်၏၊ ထိုအခါ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ် သော အဇာတသတ်မင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်းသည်လည်းကောင်း စစ်တိုက်ကြကုန်၏။ ထိုစစ်မြေပြင်၌ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏သား အဇာတသတ်မင်းသည် ပသေနဒီ ကောသလမင်းကို အောင်နိုင်၏၊ စစ်ရှုံးသော ပသေနဒီကောသလမင်းသည် စစ်မြေပြင်မှ မိမိ နေပြည်တော် ဖြစ်သော သာဝတ္ထိပြည်သို့ ပြန်ဆုတ်လာ၏။

ထိုအခါ၌ များစွာကုန်သော ရဟန်းတို့သည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကြကုန်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီး သည့်နောက် ဆွမ်းခံရာမှ ဖဲခဲ့ကုန်ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးကုန် လျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏—

အသျှင်ဘုရား မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ပသေနဒီကောသလမင်းကို (စစ်တိုက်ရန်) ကာသိရွာသို့ ချီတက်၏၊ အသျှင်ဘုရား ပသေနဒီကောသလမင်းသည် “မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သား ဖြစ်သော အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ငါ့ကို (စစ်တိုက်ရန်) ကာသိရွာ သို့ ချီတက်လာသတတ်” ဤသို့ ကြားလေ၏၊ အသျှင်ဘုရား ထိုအခါ ပသေနဒီကောသလမင်းသည် အင်္ဂါ လေးပါးရှိသော စစ်သည်ကို စုရုံး၍ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏သား အဇာတသတ်မင်း့ကို (ခုခံတိုက်ခိုက်ရန်) ကာသိရွာသို့ ကြိုတင်ချီတက်ပါ၏၊ အသျှင်ဘုရား ထိုအခါ မာဂဓတိုင်းကို အစိုးရ သော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်း သည်လည်းကောင်း စစ်တိုက်ကြကုန်၏။ အသျှင်ဘုရား ထိုစစ်မြေပြင်၌ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် ပသေနဒီကောသလမင်းကို အောင်နိုင်ပါ၏၊ အသျှင်ဘုရား စစ်ရှုံးသော ပသေနဒီကောသလမင်းသည် စစ်မြေပြင်မှ နေပြည်တော်ဖြစ်သော သာဝတ္ထိ ပြည်သို့ ဆုတ်လာပါ၏ဟု လျှောက်ကုန်၏။

ရဟန်းတို့ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် ယုတ်မာသော အဆွေခင်ပွန်းရှိ၏၊ ယုတ်မာသော အပေါင်းအဖော်ရှိ၏၊ ယုတ်မာသော သူတို့၌ ကိုင်းညွတ် သော စိတ်ရှိ၏၊ ရဟန်းတို့ ပသေနဒီကောသလမင်းသည်ကား ကောင်းသော အဆွေခင်ပွန်းရှိ၏၊ ကောင်း သော အပေါင်းအဖော်ရှိ၏၊ ကောင်းသော သူတို့၌ ကိုင်းညွတ်သော စိတ်ရှိ၏၊ ရဟန်းတို့ ယနေ့သာလျှင် ပသေနဒီကောသလမင်းသည် စစ်ရှုံးသည် ဖြစ်၍ ဤညဉ့်ပတ်လုံး ဆင်းရဲစွာ နေရလတ္တံ့။ မြတ်စွာဘုရား သည် ဤစကားကို မိန့်တော်မူ၏။ပ။

အောင်နိုင်သော သူသည် ရန်ကို ပွားစေ၏၊ ရှုံးသော သူသည် ဆင်းရဲစွာ နေရ၏၊ အောင်နိုင်ခြင်း , ရှုံးခြင်းကို စွန့်၍ ငြိမ်သက်စွာ နေသော သူသည်သာ ချမ်းသာစွာ နေရလတ္တံ့ဟု (မိန့်တော်မူ၏)။