သံယုတ္တနိကာယ်—၃

၂—ဒုတိယဝဂ်

၅—ဒုတိယ သင်္ဂါမသုတ်

၁၂၆။ ထိုအခါ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်း သည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ပသေနဒီကောသလမင်းကို (စစ်တိုက်ရန်) ကာသိရွာသို့ ချီတက်၏၊ ပသေနဒီကောသလမင်းသည် “မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ငါ့ကို (စစ်တိုက်ရန်) ကာသိရွာသို့ ချီတက် လာသတတ်”ဟု ကြားလေ၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းကို (ခုခံတိုက်ခိုက် ရန်) ကာသိရွာသို့ ကြိုတင်ချီတက်၏၊ ထိုအခါ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ် သော အဇာတသတ်မင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်းသည်လည်းကောင်း စစ်တိုက်ကြကုန်၏။ ထိုစစ်မြေပြင်၌ ပသေနဒီကောသလမင်းသည် မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ် သော အဇာတသတ်မင်းကို အောင်နိုင်၏၊ ထိုအဇာတသတ်မင်းကို အရှင်ဖမ်းမိ၏၊ ထိုအခါ ပသေနဒီ ကောသလမင်းအား ဤအကြံသည် ဖြစ်၏— “မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော ဤအဇာတသတ်မင်းသည် မပြစ်မှားအပ်သော ငါ့အား ပြစ်မှားကား ပြစ်မှား၏၊ ထိုသို့ ပြစ်မှားသော်လည်း (ထိုအဇာတသတ်မင်းသည်) ငါ၏ တူဖြစ်၏၊ ငါသည် မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သား ဖြစ်သော အဇာတသတ်မင်း၏ အလုံးစုံသောဆင်တပ်, အလုံးစုံသောမြင်းတပ်, အလုံးစုံသောရထားတပ်, အလုံးစုံသောခြေသည်သူရဲတပ်ကို သိမ်းယူ၍ အသက်ရှင်စေလျက်ပင်လျှင် (မသတ်မူ၍) ထိုအဇာတသတ်မင်း ကို လွှတ်ရမူကား ကောင်းလေစွ”ဟု (အကြံ ဖြစ်၏)၊ ထိုအခါ ပသေနဒီကောသလမင်းသည် မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်း၏ အလုံးစုံသောဆင်အပေါင်း, အလုံးစုံ သောမြင်းအပေါင်း, အလုံးစုံသောရထားအပေါင်း, အလုံးစုံသောခြေသည်သူရဲအပေါင်းကို သိမ်းယူ၍ အသက် ရှင်စေလျက်ပင်လျှင် (မသတ်မူ၍) ထိုအဇာတသတ်မင်းကို လွှတ်၏။

ထိုအခါ၌ များစွာကုန်သော ရဟန်းတို့သည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို့ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကြကုန်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီး သည့်နောက် ဆွမ်းခံရာမှ ဖဲခဲ့ကုန်ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုး ကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏—

အသျှင်ဘုရား မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်တို့ကို စုရုံး၍ ပသေနဒီကောသလမင်းကို (စစ်တိုက်ရန်) ကာသိရွာသို့ ချီတက်၏၊ အသျှင်ဘုရား ပသေနဒီကောသလမင်းသည် “မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ ငါ့ကို (စစ်တိုက်ရန်) ကာသိ ရွာသို့ ချီတက်လာသတတ်”ဟု ကြားပါ၏၊ အသျှင်ဘုရား ထိုအခါ ပသေနဒီကောသလမင်းသည်လည်း အင်္ဂါလေးပါးရှိသော စစ်သည်ကို စုရုံး၍ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းကို (ခုခံတိုက်ခိုက်ရန်) ကာသိရွာသို့ ကြိုတင် ချီတက်ပါ၏၊ အသျှင်ဘုရား ထိုအခါ၌ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည်လည်းကောင်း၊ ပသေနဒီကောသလမင်းသည်လည်းကောင်း စစ်တိုက်ကြပါကုန်၏။ အသျှင်ဘုရား ထိုစစ်မြေပြင်၌ ပသေနဒီ ကောသလမင်းသည် မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းကို အောင်နိုင်ပါ၏၊ ထိုအဇာတသတ်မင်းကို အရှင်ဖမ်းမိပါ၏၊ အသျှင်ဘုရား ထိုအခါ ပသေနဒီကောသလမင်း အား ဤသို့သော အကြံသည် ဖြစ်ပါ၏ — “မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်းသည် မပြစ်မှားအပ်သော ငါ့အား ပြစ်မှားကား ပြစ်မှား၏၊ ထိုသို့ ပြစ်မှားသော်လည်း (ထိုအဇာတသတ်မင်းသည်) ငါ၏ တူဖြစ်၏၊ ငါသည် မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သား ဖြစ်သော အဇာတသတ်မင်း၏ အလုံးစုံသောဆင်တပ်, အလုံးစုံသောမြင်းတပ်, အလုံးစုံသောရထားတပ်, အလုံးစုံသောခြေသည်သူရဲတပ်ကို သိမ်းယူ၍ အသက်ရှင်စေလျက်ပင်လျှင် (မသတ်မူ၍) ထိုအဇာတသတ်မင်း ကို လွှတ်ရမူကား ကောင်းလေစွ”ဟု (အကြံ ဖြစ်ပါ၏)။

အသျှင်ဘုရား ထိုအခါ၌ ပသေနဒီကောသလမင်းသည် မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏ သားဖြစ်သော အဇာတသတ်မင်း၏ အလုံးစုံသောဆင်တပ်, အလုံးစုံသောမြင်းတပ်, အလုံးစုံသောရထား တပ်, အလုံးစုံသောခြေသည်သူရဲတပ်ကို သိမ်းယူ၍ အသက်ရှင်စေလျက်ပင်လျှင် (မသတ်မူ၍) ထိုအဇာ တသတ်မင်းကို လွှတ်ပါ၏ဟု (လျှောက်ကုန်၏)။

မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ ထိုအခါ၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏—

ယောကျာ်းသည် အကြင်မျှလောက် (သူတစ်ပါးအား) လုယက်ဖျက်ဆီး၏၊ ထို သူအား ထိုမျှလောက်ပင် လုယက်ဖျက်ဆီးခြင်းကို ခံရသည်သာလျှင်တည်း။ အကြင် အခါ၌ ထိုသူ့ကို တစ်ပါးသော သူတို့သည် လုယက်ဖျက်ဆီးကုန်၏၊ ထိုအခါ လုယက် ဖျက်ဆီးခံရသော ထိုသူသည် ပြန်လည် လုယက်ဖျက်ဆီးတတ်၏။

အကြင်မျှလောက် ကာလပတ်လုံး မကောင်းမှုသည် အကျိုးမပေး သေး၊ ထိုမျှလောက် ကာလပတ်လုံး သူမိုက်သည် သင့်လျော် သော အကြောင်းဟူ၍သာလျှင် မှတ်ထင်၏၊ အကြင်အခါ၌ကား မကောင်း မှုသည် အကျိုးပေး၏၊ ထိုအခါ သူမိုက်သည် ဆင်းရဲသို့ ရောက်၏။

သူတစ်ပါးကို သတ်ဖြတ် ညှဉ်းဆဲတတ်သော သူသည် မိမိအား သူတစ်ပါး သတ်ဖြတ် ညှဉ်းဆဲခြင်းကို ခံရ၏၊ သူတစ်ပါးကို အောင်နိုင်သော သူသည် မိမိအား သူတစ်ပါး အနိုင်ခံရ၏၊ သူတစ်ပါးကို ဆဲရေးတတ်သော သူသည်လည်း မိမိအား သူတစ်ပါး ဆဲရေးခြင်း ခံရ၏၊ သူတစ်ပါးကို ချုတ်ချယ်တတ်သော သူသည် မိမိ အား သူတစ်ပါး ချုတ်ချယ်ခြင်း ခံရ၏၊ စင်စစ် အကျိုးပေး (ဝိပါက်) လည်သဖြင့် လုယက်ဖျက်ဆီးတတ်သော ထိုယောကျာ်းသည် တစ်ဖန် လုယက်ခြင်းကို ခံရ၏ဟု (ရွတ်ဆိုတော်မူ၏)။