သံယုတ္တနိကာယ်—၃
၂—ဒုတိယဝဂ်
၆—မလ္လိကာသုတ်
၁၂၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ ထိုအခါ၌ တစ်ယောက်သော ယောကျာ်းသည် ပသေနဒီကောသလမင်းထံသို့ ချဉ်းကပ်၍ ပသေနဒီကောသလမင်းကြီး၏ နားရင်းသို့ ကပ်၍ အရှင်မင်းကြီး “မလ္လိကာမိဖုရားသည် သမီးတော်ကို ဖွားမြင်ပါ၏”ဟု ကြားလျှောက်၏၊ ဤသို့ ကြားလျှောက်သည် ရှိသော် ပသေနဒီကောသလမင်းသည် နှလုံးမသာယာ ဖြစ်၏။
ထိုအခါ မြတ်စွာဘုရားသည် ပသေနဒီကောသလမင်း နှလုံးမသာယာသည်၏ အဖြစ်ကို သိ၍ ထို အချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏—
လူတို့ကို အစိုးရသောမင်း (သမီးတော်ကို) ကျွေးမွေးသုတ်သင်လော့၊ ပညာရှိ သော , အကျင့်သီလရှိသော , ယောက္ခမကို နတ်ကဲ့သို့ ရိုသေသော , လင်ကို လုပ်ကျွေးသော , အချို့သော မိန်းမသည်လည်း မြတ်၏။
အရပ်မျက်နှာတို့၏ အရှင်ဖြစ်သောမင်း ထိုမိန်မအား အကြင်သားယောကျာ်းကို မွေးဖွား၏၊ ထိုသို့ သဘောရှိသော မိန်မကောင်း၏ သားသည် ရဲရင့်၏၊ တိုင်းပြည် ကိုလည်း (အုပ်ချုပ်) ဆုံးမနိုင်၏ဟု (ရွတ်ဆိုတော်မူ၏)။