သံယုတ္တနိကာယ်—၃

၂—ဒုတိယဝဂ်

၇—အပ္ပမာဒသုတ်

၁၂၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိပါသလော”ဟု ဤစကားကို လျှောက်၏၊ မင်းကြီး မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသော အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိသည်သာလျှင် တည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် အဘယ်ပါနည်းဟု (ဤသို့ လျှောက်၏)၊ မင်းကြီး မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားဟူသည် မမေ့လျော့မှု “အပ္ပမာဒတရား” ပင်တည်း။

မင်းကြီး ဥပမာသော်ကား ကုန်းသတ္တဝါတို့၏ ခြေရာဟူသမျှ အားလုံးတို့သည် ဆင်ခြေရာ၌ ပေါင်းစုခြင်းသို့ ရောက်ကုန်၏၊ ဆင်ခြေရာကို ကြီးသည်၏အဖြစ်ကြောင့် ထိုကုန်းသတ္တဝါတို့၏ ခြေရာတို့ထက် လွန်ကဲ၏ဟူ၍ ပြောကြားအပ်သကဲ့သို့ မင်းကြီး ဤအတူသာလျှင် မျက်မှောက်ဘဝ၌ ခံစား ရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားဟူသည် မမေ့မလျော့မှု “အပ္ပမာဒတရား”ပင်တည်းဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

အသက်ရှည်ခြင်းကိုလည်းကောင်း၊ ရောဂါ မရှိခြင်းကိုလည်းကောင်း၊ အဆင်းလှခြင်းကိုလည်းကောင်း၊ နတ်ပြည်ကိုလည်းကောင်း၊ အမျိုးမြတ်ခြင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းတို့ကိုလည်းကောင်း အဆင့်ဆင့် အမြတ်တို့ကို တောင့်တသောသူသည် (မမေ့မလျော့ ပြုအပ်၏)။

ပညာရှိတို့သည် ကုသိုလ်ပြုရာ ပုညကိရိယာဝတ္ထုတို့၌ မမေ့မလျော့ခြင်းကို ချီးမွမ်းကုန်၏၊ မမေ့မလျော့သော ပညာရှိသည် အကျိုးနှစ်ပါးတို့ကို သိမ်းယူနိုင်၏၊ မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးကို ရခြင်းကြောင့် ပညာရှိသော သူကို “ပဏ္ဍိတ”ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။