သံယုတ္တနိကာယ်—၃

၂—ဒုတိယဝဂ်

၈—ကလျာဏမိတ္တသုတ်

၁၂၉။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်သည်ဖြစ်၍ တစ်ယောက်တည်း နေသော အကျွန်ုပ်အား ဤသို့ စိတ်အကြံသည် ထင်ရှားဖြစ်ပါ၏၊ ‘မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောတော်မူအပ်၏၊ ကောင်းစွာ ဟောတော်မူအပ်သော ထိုတရားသည်လည်းကောင်းသော အဆွေခင်ပွန်းရှိသော သူအားသာ ဖြစ်၏၊ ကောင်းသော အပေါင်းအဖော်ရှိသော သူအားသာ ဖြစ်၏၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူအားသာ ဖြစ်၏။ ယုတ်မာသော အဆွေခင်ပွန်းရှိသော သူအား မဖြစ်၊ ယုတ်မာသော အပေါင်းအဖော်ရှိသော သူအား မဖြစ်၊ ယုတ်မာသော သူတို့၌ ညွတ်သော စိတ်ရှိသော သူအား မဖြစ်’ဟု အကြံ ဖြစ်၏”ဟု လျှောက်၏၊

မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ငါဘုရားသည် တရားတော်ကို ကောင်းစွာ ဟောတော်မူအပ်၏၊ ကောင်းစွာ ဟောတော်မူအပ်သော ထိုတရား သည်လည်းကောင်းသော အဆွေခင်ပွန်းရှိသော သူအားသာ ဖြစ်၏၊ ကောင်းသော အပေါင်းအဖော်ရှိသော သူအားသာ ဖြစ်၏၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူအားသာ ဖြစ်၏။ မကောင်းသော အဆွေခင်ပွန်းရှိသော သူအား မဖြစ်၊ မကောင်းသော အပေါင်းအဖော်ရှိသော သူအား မဖြစ်၊ ယုတ်မာသော သူတို့၌ ညွတ်သော စိတ်ရှိသော သူအား မဖြစ်။

မင်းကြီး အခါတစ်ပါး၌ ငါဘုရားသည် သက္ကတိုင်း သာကီဝင်တို့၏ နဂရကမည်သော နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ မင်းကြီး ထိုအခါ အာနန္ဒာရဟန်းသည် ငါဘုရားထံသို့ ချဉ်းကပ်၍ ငါဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ငါဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဘုရား ကောင်းသော အဆွေခင်ပွန်းရှိသော သူ၏အဖြစ်၊ ကောင်းသော အပေါင်းအဖော်ရှိသော သူ၏အဖြစ်၊ သူတော် ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူ၏အဖြစ်သည် မြတ်သော (မဂ်အကျင့်၏) ထက်ဝက်ကို ပြီးစေ နိုင်ပါ၏”ဟု လျှောက်၏။

မင်းကြီး ဤသို့ လျှောက်သည်ရှိသော် ငါဘုရားသည် အာနန္ဒာရဟန်းအား ဤစကားကို မိန့်တော်မူ၏— “အာနန္ဒာ ဤသို့ မဆိုလင့်၊ အာနန္ဒာ ဤသို့ မဆိုလင့်၊ အာနန္ဒာ ကောင်းသော အဆွေခင်ပွန်း ရှိသော သူ၏အဖြစ်၊ ကောင်းသော အပေါင်းအဖော်ရှိသော သူ၏အဖြစ်၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူ၏အဖြစ်သည် မြတ်သော (မဂ်အကျင့်) အားလုံးကိုပင် ပြီးစေနိုင်၏။ အာနန္ဒာ ကောင်းသော အဆွေခင်ပွန်းရှိသော သူ၏အဖြစ်၊ ကောင်းသော အပေါင်းအဖော်ရှိသော သူ၏အဖြစ်၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူအား မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ပွားလတ္တံ့၊ မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ကြိမ်ဖန်များစွာ ပြုလတ္တံ့ဟူသော ဤအကျိုးကို မချွတ် ရလိမ့်မည်ဟု မျှော်လင့်အပ်၏။

အာနန္ဒာ အဘယ်သို့လျှင် ကောင်းသော အဆွေခင်ပွန်းရှိသော၊ ကောင်းသော အပေါင်းအဖော်ရှိသော၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော ရဟန်းသည် မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ပွားသနည်း၊ မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ကြိမ်ဖန်များစွာ ပြုသနည်း။ အာနန္ဒာ ဤ သာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှု ‘ဝိဝေက’ကိုမှီသော ရာဂကင်းခြင်းကိုမှီသော ချုပ်ခြင်းကိုမှီသော ကိလေသာကို စွန့်ရာ နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွား၏၊ မှန်ကန်သောအကြံ့ ‘သမ္မာသင်္ကပ္ပ’ကို ပွား၏၊ မှန်ကန်သောစကား ‘သမ္မာဝါစာ’ကို ပွား၏၊ မှန်ကန်သောအမှု ‘သမ္မာကမ္မန္တ’ကို ပွား၏၊ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’ကို ပွား၏၊ မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’ကို ပွား၏၊ မှန်ကန်သောအောက်မေ့မှု ‘သမ္မာသတိ’ကို ပွား၏။ ဆိတ်ငြိမ်မှု ‘ဝိဝေက’ကိုမှီသော ရာဂကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော ကိလေသာကို စွန့်ရာ နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောတည်ကြည်မှု ‘သမ္မာ သမာဓိ’ကို ပွား၏။ အာနန္ဒာ ဤသို့လျှင် ကောင်းသော အဆွေခင်ပွန်းရှိသော၊ ကောင်းသော အပေါင်း အဖော်ရှိသော၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော ရဟန်းသည် မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ပွားများ၏၊ မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်ကို ကြိန်ဖန်များစွာ ပြု၏။ အာနန္ဒာ ကောင်းသော အဆွေခင်ပွန်းရှိသော သူ၏အဖြစ်၊ ကောင်းသော အပေါင်းအဖော်ရှိသော သူ၏အဖြစ်၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူ၏အဖြစ်သည် မြတ်သော (မဂ်အကျင့်) အားလုံးကိုပင် ပြီးစေနိုင်၏ဟူသော ထိုစကားကို ဤအကြောင်းဖြင့်ပင် သိအပ်၏။

အာနန္ဒာ မှန်၏၊ အဆွေခင်ပွန်းကောင်းဖြစ်သော ငါဘုရားကို အကြောင်းပြု၍ ပဋိသန္ဓေနေခြင်း သဘောရှိကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေနေခြင်းမှ လွတ်ကုန်၏၊ အိုခြင်းသဘောရှိကုန်သော သတ္တဝါတို့သည် အိုခြင်းမှ လွတ်ကုန်၏၊ နာခြင်းသဘောရှိကုန်သော သတ္တဝါတို့သည် နာခြင်းမှ လွတ်ကုန်၏၊ သေခြင်းသဘောရှိကုန်သော သတ္တဝါတို့သည် သေခြင်းမှ လွတ်ကုန်၏၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းသဘောရှိသော သတ္တဝါတို့သည် ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းတို့မှ လွတ်ကုန်၏။ အာနန္ဒာ ကောင်းသော အဆွေ ခင်ပွန်းရှိသော သူ၏အဖြစ်၊ ကောင်းသော အပေါင်းအဖော်ရှိသော သူ၏အဖြစ်၊ သူတော်ကောင်းတို့၌ ညွတ် သော စိတ်ရှိသော သူ၏အဖြစ်သည် မြတ်သော (မဂ်အကျင့်) အားလုံးကိုပင် ပြီးစေနိုင်၏ဟူသော ထို စကားကို ဤအကြောင်းဖြင့်ပင် သိအပ်၏။

မင်းကြီး ထိုသို့ အလုံးစုံသော မြတ်သော မဂ်အကျင့်ကိုလည်းကောင်းသော အဆွေခင်ပွန်းကို မှီ၍ ရသည်၏ အဖြစ်ကြောင့် သင်သည် ဤသို့ ကျင့်ရမည် — “ငါသည် ကောင်းသော အဆွေခင်ပွန်းရှိသူ၊ ကောင်းသော အပေါင်းအဖော်ရှိသူ၊ သူတော်ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သူဖြစ်အံ့”ဟု ကျင့်ရ မည်။ မင်းကြီး သင်သည် ဤသို့လျှင် ကျင့်ရမည်။

မင်းကြီး ကောင်းသော အဆွေခင်ပွန်းရှိသော၊ ကောင်းသော အပေါင်းအဖော်ရှိသော၊ သူတော် ကောင်းတို့၌ ညွတ်သော စိတ်ရှိသော သင်သည် ကုသိုလ်တရားတို့၌ မမေ့မလျော့မှုဟူသော ဤ တစ်ခုသော အပ္ပမာဒတရားကို မှီ၍ နေအပ်၏။

မင်းကြီး မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေသော သင်မင်းကြီး၏ နောက်လိုက် မောင်းမ အပေါင်းအား ဤအကြံသည် ဖြစ်လတ္တံ့— “မင်းသည် မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေ၏၊ ယခု ငါတို့သည်လည်း မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေကုန်အံ့”ဟု အကြံ ဖြစ်လတ္တံ့။

မင်းကြီး မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေသော သင်၏ နောက်လိုက် မင်းတို့အားလည်း ဤအကြံသည် ဖြစ်လတ္တံ့— “မင်းသည် မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေ၏၊ ယခု ငါတို့သည်လည်း မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေကုန်အံ့”ဟု အကြံ ဖြစ်လတ္တံ့။

မင်းကြီး မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေသော သင်၏ ဗိုလ်ပါအပေါင်းအားလည်း ဤ အကြံသည် ဖြစ်လတ္တံ့— “မင်းသည် မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေ၏၊ ယခု ငါတို့သည်လည်း မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေကုန်အံ့”ဟု အကြံ ဖြစ်လတ္တံ့။

မင်းကြီး မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေသော သင်၏ နိဂုံးဇနပုဒ်၌ နေသူအားလည်း ဤအကြံသည် ဖြစ်လတ္တံ့— “မင်းသည် မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေ၏၊ ယခု ငါတို့သည်လည်း မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေကုန်အံ့”ဟု အကြံ ဖြစ်လတ္တံ့။

မင်းကြီး မမေ့မလျော့ခြင်းကို မှီ၍ မမေ့မလျော့ နေသော သင်၏ ကိုယ်သည်လည်း လုံခြုံစေအပ် သည် စောင့်ရှောက်အပ်သည် ဖြစ်လတ္တံ့၊ မောင်းမအပေါင်းသည်လည်း လုံခြုံစေအပ်သည် စောင့်ရှောက်အပ် သည် ဖြစ်လတ္တံ့၊ ဘဏ္ဍာတိုက် ကျီကြသည်လည်း လုံခြုံစေအပ်သည် စောင့်ရှောက်အပ်သည် ဖြစ်လတ္တံ့”ဟု မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။ပ။

အဆင့်ဆင့် မြတ်ကုန်သော စည်းစိမ်တို့ကို တောင့်တသော သူသည် (မမေ့ မလျော့) ပြုအပ်၏၊ ကုသိုလ်ပြုရာ (ပုညကိရိယာ) ဝတ္ထုတို့၌ မမေ့မလျော့ခြင်းကို ပညာရှိသူတို့သည် ချီးမွမ်းကုန်၏။

မမေ့မလျော့သော ပညာရှိသည် အကျိုးနှစ်ပါးတို့ကို သိမ်းယူနိုင်၏။ မျက်မှောက် ဘဝ၌ ခံစားရသောအကျိုး , တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုး နှစ်ပါးကို ရခြင်းကြောင့် ပညာရှိသော သူကို “ပဏ္ဍိတ”ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။