သံယုတ္တနိကာယ်—၃

၁—ပဌမဝဂ်

၂—ပုရိသသုတ်

၁၁၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်၏၊ တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် ပသေနဒီ ကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဘုရား အဘယ်မျှကုန်သော တရားတို့သည် (သတ္တဝါ၏) ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါလည်းကောင်း၊ ဆင်းရဲခြင်းငှါလည်းကောင်း၊ ချမ်းသာစွာ မနေရခြင်းငှါလည်းကောင်း ဖြစ်ပါကုန်သနည်း”ဟု (လျှောက်၏)။

မင်းကြီး သုံးပါးသော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်ကုန်၏။ အဘယ်သုံးပါးတို့နည်းဟူမူ— (၁) မင်းကြီး လိုချင်မှု ‘လောဘ’တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

(၂) မင်းကြီး အမျက်ထွက်မှု ‘ဒေါသ’တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

(၃) မင်းကြီး တွေဝေမှု ‘မောဟ’တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

မင်းကြီး ဤသုံးပါးကုန်သော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီး အပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

အခွံလျှင် အနှစ်ရှိသော (ဝါးပင် , ကျူပင်စသော) အပင်ကို မိမိ အသီးသည် ညှဉ်းဆဲဖျက်ဆီးသကဲ့သို့၊ မိမိကိုယ်တွင်း၌ ဖြစ်ကုန်သော လောဘ, ဒေါသ, မောဟ တရားတို့သည် မကောင်းသော စိတ်ရှိသော သတ္တဝါကို ညှဉ်းဆဲဖျက်ဆီးကုန်၏ဟု (မိန့်တော်မူ၏)။