သံယုတ္တနိကာယ်—၃

၂—ဒုတိယဝဂ်

၁ဝ—ဒုတိယ အပုတ္တကသုတ်

၁၃၁။ ထိုအခါ ပသေနဒီကောသလမင်းသည် နေမွန်းတည့်အခါ၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ပသေနဒီ ကောသလမင်းအား မြတ်စွာဘုရားသည် “မင်းကြီး သင်သည် ယခု နေမွန်းတည့်အခါ၌ အဘယ်အရပ်က လာခဲ့သနည်း”ဟု ဤစကားကို မိန့်တော်မူ၏။

အသျှင်ဘုရား ဤသာဝတ္ထိပြည်၌ သူဌေးကြီးသည် သေပါ၏၊ (အမွေခံ) သား မရှိသော ထိုဥစ္စာကို အကျွန်ုပ်သည် နန်းတော်တွင်းသို့ သွင်း၍ လာခဲ့ပါ၏၊ အသျှင်ဘုရား ရွှေချည်းပင် သိန်းတစ်ရာ ရှိပါ၏၊ ငွေမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ အသျှင်ဘုရား ထိုသူဌေးကြီး၏ ထမင်းသုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏ — ပုန်းရည်လျှင် နှစ်ခွက်မြောက်သော ဆန်ကွဲထမင်းကို စားသုံး၏။ အဝတ်ကို သုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏ — သုံးလွှာ စပ်၍ ချုပ်သော ပိုက်ဆံလျှော်အဝတ်ကို ဝတ်၏။ ယာဉ်ကို သုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏ — သစ်ရွက်ထီးကို ဆောင်းလျက် ဆွေးမြေ့သော ရထားငယ်ဖြင့် သွားပါ၏ဟု (လျှောက်၏)။

မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ရှေး၌ ဖြစ်ဖူးသည်ကား ထိုသူဌေးကြီးသည် တဂ္ဂရသိခိအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူစေ၏၊ “ရဟန်းအား ဆွမ်းလှူကြကုန်လော့”ဟု ဆိုပြီးလျှင် နေရာမှ ထ၍ ဖဲသွား၏၊ ပေးလှူပြီး နောက်၌ကား “ထိုဆွမ်းကို ကျွန်ယောကျာ်းတို့သည်လည်းကောင်း၊ အမှုလုပ်သမားတို့သည်လည်းကောင်း စားရကုန်မူ ကား မြတ်သေး၏”ဟု နှလုံးမသာခြင်း ဖြစ်ခဲ့၏၊ အစ်ကို၏ တစ်ယောက်တည်းသော သားကိုလည်း ဥစ္စာ ဟူသောအကြောင်းကြောင့် အသက်ကို သတ်ခဲ့၏။

မင်းကြီး ထိုသူဌေးကြီးသည် တဂ္ဂရသိခိအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ဆွမ်းကို လှူဒါန်း၏၊ ထိုကံ၏ အကျိုးကြောင့် ကောင်းသောလားရာဖြစ်သော နတ်ပြည်သို့ ခုနစ်ကြိမ် ရောက်ရ၏၊ ထိုကံ၏ အကျိုး ကြွင်းဖြင့်သာလျှင် ဤသာဝတ္ထိပြည်၌ပင်လျှင် ခုနစ်ကြိမ် သူဌေးဖြစ်၏။ မင်းကြီး ထိုသူဌေးကြီးသည် ပေးလှူ ပြီးနောက် “ထိုဆွမ်းကို ကျွန်ယောကျာ်းတို့သည်လည်းကောင်း၊ အမှုလုပ်သမားတို့သည်လည်းကောင်း စား ရကုန်မူကား မြတ်သေး၏”ဟု နှလုံးမသာခြင်း ဖြစ်၏၊ ထိုကံ၏ အကျိုးကြောင့် မွန်မြတ်သော ထမင်းကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော အဝတ်ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော ယာဉ် ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်။ မင်းကြီး ထိုသူဌေးကြီးသည် အစ်ကို၏ တစ်ယောက်တည်းသော သားကို ဥစ္စာဟူသော အကြောင်းကြောင့် အသက်ကို သတ်၏၊ ထိုကံ၏ အကျိုးကြောင့် များစွာသော နှစ်တို့ပတ်လုံးလည်းကောင်း၊ များစွာသော နှစ်အရာတို့ပတ်လုံးလည်းကောင်း၊ များစွာသော နှစ်အထောင်တို့ပတ်လုံးလည်းကောင်း၊ များစွာသော နှစ် အသိန်းတို့ပတ်လုံးလည်းကောင်း ငရဲ၌ ကျက်ဖူး၏။ ထိုကံ၏ အကျိုးကြွင်းဖြင့်သာလျှင် (အမွေခံ) သား မရှိသော ဤဥစ္စာကို ခုနစ်ကြိမ်တိုင်တိုင် မင်း၏ ဘဏ်တိုက်သို့ သွင်းစေ၏။

မင်းကြီး စင်စစ်ကား ထိုသူဌေးကြီးအား အဟောင်းဖြစ်သော ကုသိုလ်ကံသည်လည်း ကုန်ပြီ၊ အသစ်ဖြစ်သော ကုသိုလ်ကံကိုလည်း မဆည်းပူးအပ်၊ မင်းကြီး ယနေ့ကား သူဌေးကြီးသည် မဟာရောရုဝ ငရဲ၌ ကျက်ရ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား သူဌေးကြီးသည် မဟာရောရုဝငရဲသို့ ရောက်၏ဟူသည် ဤအတိုင်း မှန်ပါသလောဟု (လျှောက်၏)။ မင်းကြီး ဤအတိုင်း မှန်၏၊ သူဌေးကြီးသည် မဟာရောရုဝ ငရဲ၌ ကျက်ရ၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

အကြင်စပါးသည်လည်းကောင်း၊ ဥစ္စာသည်လည်းကောင်း၊ ငွေသည်လည်းကောင်း၊ ရွှေသည်လည်းကောင်း၊ သိမ်းဆည်းအပ်သော တစ်စုံတစ်ရာသော အရာဝတ္ထုသည်လည်းကောင်း ရှိ၏။ ထိုသူအား မှီ၍ အသက်မွေးကုန်သော အကြင်ကျွန်ယောကျာ်းတို့သည်လည်းကောင်း၊ အမှုလုပ်တို့သည်လည်းကောင်း၊ အခိုင်းအစေတို့သည်လည်းကောင်း ရှိကုန်၏။

အလုံးစုံသော ဥစ္စာကျေးကျွန်ကို ယူ၍ မသွားနိုင်၊ အလုံးစုံကို စွန့်၍ သွားရ၏။ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ ထိုမှတစ်ပါး စိတ်ဖြင့်လည်းကောင်း အကြင်ကံကို ပြု၏။

ထိုကံသည်သာလျှင် ထိုသူ၏ ဥစ္စာဖြစ်၏၊ ထိုကံကိုလျှင် ယူ၍ သွား ရ၏၊ အရိပ်သည် ကိုယ်သို့ အစဉ်လိုက်သကဲ့သို့ ထိုကံသည်ပင် ထိုသူအား အစဉ်လိုက်၏။

ထိုကြောင့် တမလွန်၌ ဖြစ်သောအကျိုးကို ဆည်းပူးသော သူသည် ကုသိုလ် ကောင်းမှုကို ပြုရာ၏၊ ကောင်းမှုတို့သည် တမလွန်ဘဝ၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယဝဂ်ပြီး၏။