သံယုတ္တနိကာယ်—၃

၃—တတိယဝဂ်

၁—ပုဂ္ဂလသုတ်

၁၃၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ပသေနဒီကောသလမင်းအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— “မင်းကြီး လောက၌ ဤသို့သော ပုဂ္ဂိုလ်လေးယောက်တို့သည် ထင်ရှားရှိကုန်၏။ အဘယ် လေးယောက်တို့နည်းဟူမူ—

(၁) အမှောင်မှ လာ၍ အမှောင်သို့ သွားသော ပုဂ္ဂိုလ်။

(၂) အမှောင်မှ လာ၍ အလင်းသို့ သွားသော ပုဂ္ဂိုလ်။

(၃) အလင်းမှ လာ၍ အမှောင်သို့ သွားသော ပုဂ္ဂိုလ်။

(၄) အလင်းမှ လာ၍ အလင်းသို့ သွားသော ပုဂ္ဂိုလ် ဤလေးယောက်တို့တည်း။

မင်းကြီး အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမှောင်မှ လာ၍ အမှောင်သို့ သွားသနည်း။ မင်းကြီး ဤ လောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲ၍ ထမင်း အဖျော် စားဖွယ် နည်းလျက် ခဲယဉ်းငြိုငြင်စွာ အသက်မွေးရသော ဒွန်းစဏ္ဍာအမျိုး၌ဖြစ်စေ၊ နှီးသမားအမျိုး၌ဖြစ်စေ၊ တံငါမုဆိုးအမျိုး၌ဖြစ်စေ၊ သားရေ လုပ်သမားအမျိုး၌ဖြစ်စေ၊ ပန်းမှိုက်သွန်အမျိုး၌ဖြစ်စေ ယုတ်နိမ့်သော အမျိုး၌ ဖြစ်ရ၏။ ယင်းအမျိုး၌ ဆင်းရဲငြိုငြင်သဖြင့် အစားအဝတ်ကို ရ၏၊ ထိုသူသည် အဆင်းမလှ၊ ရှုချင်ဖွယ် မရှိ၊ ပုကွ၏။ ကန်းသည် ဖြစ်၍လည်းကောင်း၊ ကောက်သည်ဖြစ်၍လည်းကောင်း၊ ခွင်သည်ဖြစ်၍လည်းကောင်း၊ ခြေဆွံ့သည်ဖြစ်၍လည်းကောင်း အနာများ၏။ ထမင်း အဖျော် အဝတ် ပုဆိုး ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို မရနိုင်။ ထိုသူသည် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် မကောင်း သော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်သောကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်း သော မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ငရဲ၌ ဖြစ်ရ၏။

မင်းကြီး ယောကျာ်းသည် အမိုက်တိုက်မှ လာ၍ အမိုက်တိုက်သို့ သွားရာသကဲ့သို့လည်းကောင်း၊့အမှောင်မှ လာ၍ အမှောင်သို့ သွားရာသကဲ့သို့လည်းကောင်း၊ အညစ်အကြေးရှိရာမှ လာ၍ အညစ်အကြေး ရှိရာသို့ သွားရာသကဲ့သို့လည်းကောင်း ဤပုဂ္ဂိုလ်ကို ထိုဥပမာနှင့် တူ၏ဟု ငါ ဆို၏။ မင်းကြီး ဤသို့လျှင် ပုဂ္ဂိုလ်သည် အမှောင်မှ လာ၍ အမှောင်သို့ သွားသူ ဖြစ်၏။

မင်းကြီး အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမှောင်မှ လာ၍ အလင်းသို့ သွားသနည်း။ မင်းကြီး ဤ လောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲ၍ ထမင်း အဖျော် စားဖွယ် နည်းလျက် ခဲယဉ်းငြိုငြင်စွာ အသက်မွေးရသော ဒွန်းစဏ္ဍာအမျိုး၌ဖြစ်စေ၊ နှီးသမားအမျိုး၌ဖြစ်စေ၊ တံငါမုဆိုးအမျိုး၌ဖြစ်စေ၊ သားရေ လုပ်သမားအမျိုး၌ဖြစ်စေ၊ ပန်းမှိုက်သွန်အမျိုး၌ဖြစ်စေ ယုတ်နိမ့်သော အမျိုး၌ ဖြစ်ရ၏။ ယင်းအမျိုး၌ ဆင်းရဲငြိုငြင်သဖြင့် အစားအဝတ်ကို ရ၏၊ ထိုသူသည် အဆင်းမလှ၊ ရှုချင်ဖွယ် မရှိ၊ ပုကွ၏။ ကန်းသည် ဖြစ်၍လည်းကောင်း၊ ကောက်သည်ဖြစ်၍လည်းကောင်း၊ ခွင်သည်ဖြစ်၍လည်းကောင်း၊ ခြေဆွံ့သည်ဖြစ်၍လည်းကောင်း အနာများ၏။ ထမင်း အဖျော် အဝတ်ပုဆိုး ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကိုလည်း မရနိုင်။ ထိုသူသည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် ကောင်း သော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်သောကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။

မင်းကြီး ယောကျာ်းသည် မြေမှလည်း ပလ္လင်သို့ တက်ရာသကဲ့သို့လည်းကောင်း၊ ပလ္လင်မှလည်း မြင်းကျောက်ကုန်းသို့ တက်ရာသကဲ့သို့လည်းကောင်း၊ မြင်းကျောက်ကုန်းမှလည်း ဆင်ကျောက်ကုန်းသို့ တက်ရာသကဲ့သို့လည်းကောင်း၊ ဆင်ကျောက်ကုန်းမှလည်း ပြာသာဒ်သို့ တက်ရာသကဲ့သို့လည်းကောင်း မင်းကြီး ဤပုဂ္ဂိုလ်ကို ထိုဥပမာနှင့် တူ၏ဟု ငါ ဆို၏။ မင်းကြီး ဤသို့လျှင် ပုဂ္ဂိုလ်သည် အမှောင်မှ လာ၍ အလင်းသို့ သွားသူ ဖြစ်၏။

မင်းကြီး အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်းမှ လာ၍ အမှောင်သို့ သွားသနည်း။ မင်းကြီး ဤ လောက၌ အချို့သော ပုဂ္ဂိုလ်သည် ကြွယ်ဝ၍ များသောဥစ္စာ, များသောအသုံးအဆောင်, များသောရွှေငွေ, များသောနှစ်သက်ဖွယ် အဆောက်အဦ , များသောဥစ္စာစပါးရှိသော ခတ္တိယမဟာသာလအမျိုး၌ဖြစ်စေ၊ ဗြာဟ္မဏမဟာသာလအမျိုး၌ဖြစ်စေ၊ ဂဟပတိမဟာသာလအမျိုး၌ဖြစ်စေ မြင့်မြတ်သော အမျိုး၌ ဖြစ်ရ၏။ ထိုသူသည် အလွန် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်လင်၏၊ မြတ်သော အဆင်းအင်္ဂါနှင့် ပြည့်စုံ၏၊ ထမင်း အဖျော် အဝတ် ပုဆိုး ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ရ၏။ ထိုသူ သည် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်သော ကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသဖြင့် လားရာ ပျက်စီးကျရောက်ရာ ငရဲ၌ ဖြစ်၏။

မင်းကြီး ယောကျာ်းသည် ပြာသာဒ်မှမူလည်း ဆင်ကျောက်ကုန်းသို့ သက်ဆင်းရာသကဲ့သို့လည်းကောင်း၊ ဆင်ကျောက်ကုန်းမှမူလည်း မြင်းကျောက်ကုန်းသို့ သက်ဆင်းရာသကဲ့သို့လည်းကောင်း၊ မြင်း ကျောက်ကုန်းမှမူလည်း ပလ္လင်သို့ သက်ဆင်းရာသကဲ့သို့လည်းကောင်း၊ ပလ္လင်မှမူလည်း မြေသို့ သက်ဆင်း ရာသကဲ့သို့လည်းကောင်း၊ မြေမှမူလည်း အမိုက်တိုက်သို့ ဝင်ရာသကဲ့သို့လည်းကောင်း မင်းကြီး ဤပုဂ္ဂိုလ် ကို ထိုဥပမာနှင့် တူ၏ဟု ငါ ဆို၏။ မင်းကြီး ဤသို့လျှင် ပုဂ္ဂိုလ်သည် အလင်းမှ လာ၍ အမှောင်သို့ သွားသူ ဖြစ်၏။

မင်းကြီး အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်းမှ လာ၍ အလင်းသို့ သွားသနည်း။ မင်းကြီး ဤ လောက၌ အချို့သော ပုဂ္ဂိုလ်သည် ကြွယ်ဝ၍ များသောဥစ္စာ, များသောအသုံးအဆောင်, များသောရွှေငွေ, များသောနှစ်သက်ဖွယ် အဆောက်အဦ, များသောဥစ္စာစပါးရှိသော ခတ္တိယမဟာသာလအမျိုး၌ဖြစ်စေ၊့ဗြာဟ္မဏမဟာသာလအမျိုး၌ဖြစ်စေ၊ ဂဟပတိမဟာသာလအမျိုး၌ဖြစ်စေ မြင့်မြတ်သော အမျိုး၌ ဖြစ်ရ၏။ ထိုသူသည် အလွန် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်လင်၏၊ မြတ်သော အဆင်းအင်္ဂါနှင့် ပြည့်စုံ၏၊ ထမင်း အဖျော် အဝတ် ပုဆိုး ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ရ၏။ ထိုသူ သည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်သော ကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရ၏။

မင်းကြီး ယောကျာ်းသည် ပလ္လင်တစ်ခုမှမူလည်း ပလ္လင်တစ်ခုသို့ ပြောင်းရွှေ့ရာသကဲ့သို့လည်းကောင်း၊ မြင်းကျောက်ကုန်းမှမူလည်း မြင်းကျောက်ကုန်းသို့ ပြောင်းရွှေ့ရာသကဲ့သို့လည်းကောင်း၊ ဆင် ကျောက်ကုန်းမှမူလည်း ဆင်ကျောက်ကုန်းသို့ ပြောင်းရွှေ့ရာသကဲ့သို့လည်းကောင်း၊ ပြာသာဒ်မှမူလည်း ပြာသာဒ်သို့ ပြောင်းရွှေ့ရာသကဲ့သို့လည်းကောင်း မင်းကြီး ဤပုဂ္ဂိုလ်ကို ထိုဥပမာနှင့် တူ၏ဟု ငါ ဆို၏။ မင်းကြီး ဤသို့လျှင် ပုဂ္ဂိုလ်သည် အလင်းမှ လာ၍ အလင်းသို့ သွားသူ ဖြစ်၏။ မင်းကြီး လောက၌ လေးယောက်ကုန်သော ဤပုဂ္ဂိုလ်တို့သည် ထင်ရှားရှိကုန်၏”ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤ စကားကို မိန့်တော်မူ၏။ပ။

မင်းကြီး ပုဂ္ဂိုလ်သည် ဆင်းရဲ၏၊ သဒ္ဓါတရား မရှိ၊ ဝန်တို၏၊ စေးနှဲ၏၊ ယုတ်ညံ့သော အကြံရှိ၏၊ မကောင်းသော အယူရှိ၏၊ ရိုသေခြင်း မရှိ။

သမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း၊ အခြား တောင်းစား တတ်သူတို့ကိုလည်းကောင်း ဆဲရေးတတ်၏၊ ရေရွတ်တတ်၏၊ အလိုမရှိ၊ ချုတ်ချယ် တတ်၏။

အစာကို တောင်းကုန်သော သူတို့အား ပေးသည်ကို တားမြစ်တတ်၏။ လူတို့ကို အစိုးရသော မင်းကြီး — ထိုသို့သဘောရှိသော ပုဂ္ဂိလ်သည် သေသည်ရှိသော် ကြမ်း တမ်းလှစွာသော ငရဲသို့ ရောက်၏၊ ထိုပုဂ္ဂိုလ်သည် အမှောင်မှ လာ၍ အမှောင်သို့ သွားသော ပုဂ္ဂိုလ် မည်၏။ (၁)

မင်းကြီး ပုဂ္ဂိုလ်သည် ဆင်းရဲ၏၊ သဒ္ဓါတရားရှိ၏၊ ဝန်တိုခြင်း မရှိ၊ ပေးလှူ တတ်၏၊ မြတ်သော အကြံကို ကြံတတ်၏၊ တည်ကြည်သော စိတ်ရှိ၏။

သမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း၊ အခြား တောင်းစား တတ်သော သူတို့ကိုလည်းကောင်း နေရာမှ ထ၍ ရိုသေစွာ ရှိခိုး၏၊ ညီမျှသော အကျင့်ကို ကျင့်၏။

အစာကို တောင်းကုန်သော သူတို့အား ပေးလှူသည်ကို မတားမြစ်။ လူတို့ကို အစိုးရသော မင်းကြီး—ထိုသို့သဘောရှိသော ပုဂ္ဂိလ်သည် သေသည်ရှိသော် ကောင်း သော လားရာဖြစ်သော နတ်ပြည်ဌာနသို့ ရောက်၏၊ ထိုပုဂ္ဂိုလ်သည် အမှောင်မှ လာ၍ အလင်းသို့ သွားသော ပုဂ္ဂိုလ် မည်၏။

(၂)

မင်းကြီး ပုဂ္ဂိုလ်သည် ကြွယ်ဝ၏၊ သဒ္ဓါတရား မရှိ၊ ဝန်တို၏၊ စေးနှဲ၏၊ ယုတ်ညံ့သော အကြံရှိ၏၊ မှားသော မကောင်းသော အယူရှိ၏၊ ရိုသေခြင်း မရှိ။

သမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း၊ အခြား တောင်းစား တတ်သော သူတို့ကိုလည်းကောင်း ဆဲရေးတတ်၏၊ ရေရွတ်တတ်၏၊ အလို မရှိ၊ ချုတ်ချယ်တတ်၏။

အစာကို တောင်းကုန်သော သူတို့အား ပေးလှူသည်ကို တားမြစ်တတ်၏။ လူတို့ကို အစိုးရသော မင်းကြီး —ထိုသို့သဘောရှိသော ပုဂ္ဂိလ်သည် သေသည်ရှိသော် ကြမ်းတမ်းလှစွာသော ငရဲသို့ ရောက်၏၊ ထိုပုဂ္ဂိုလ်သည် အလင်းမှ လာ၍ အမှောင် သို့ သွားသော ပုဂ္ဂိုလ် မည်၏။ (၃)

မင်းကြီး ပုဂ္ဂိုလ်သည် ကြွယ်ဝ၏၊ သဒ္ဓါတရား ရှိ၏၊ ဝန်တိုခြင်း မရှိ၊ ပေးလှူ တတ်၏၊ မြတ်သော အကြံကို ကြံတတ်၏၊ တည်ကြည်သော စိတ်ရှိ၏။

သမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း၊ အခြား တောင်းစား တတ်သော သူတို့ကိုလည်းကောင်း နေရာမှ ထ၍ ရိုသေစွာ ရှိခိုးတတ်၏၊ ညီမျှ သော အကျင့်ကို ကျင့်၏။

အစာကို တောင်းကုန်သော သူတို့အား ပေးလှူသည်ကို မတားမြစ်တတ်။ လူတို့ကို အစိုးရသော မင်းကြီး— ထိုသို့သဘောရှိသော ပုဂ္ဂိလ်သည် သေသည်ရှိသော် ကောင်းသော လားရာ နတ်ပြည်ဌာနသို့ ရောက်ရ၏၊ ထိုပုဂ္ဂိုလ်သည် အလင်းမှ လာ၍ အလင်းသို့ သွားသော ပုဂ္ဂိုလ် မည်၏ဟု (မိန့်တော်မူ၏)။ (၄)