သံယုတ္တနိကာယ်—၃

၃—တတိယဝဂ်

၃—လောကသုတ်

၁၃၄။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား အဘယ်မျှကုန်သော တရားတို့သည် လူအပေါင်းအား ဖြစ်ကုန်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာ မနေရရန် ဖြစ်ပါကုန်သနည်း”ဟု လျှောက်၏၊ မင်းကြီး သုံးပါးကုန်သော တရားတို့သည် လူအပေါင်းအား ဖြစ်ကုန်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာ မနေရရန် ဖြစ်ကုန်၏။ အဘယ်သုံးပါးတို့နည်းဟူမူ—

(၁) မင်းကြီး လိုချင်မှု ‘လောဘ’တရားသည် လူအပေါင်းအား ဖြစ်သည်ရှိသော် အစီးအပွားမဲ့ရန်

ဆင်းရဲရန် ချမ်းသာစွာ မနေရရန် ဖြစ်၏၊

(၂) မင်းကြီး အမျက်ထွက်မှု ‘ဒေါသ’တရားသည် လူအပေါင်းအား ဖြစ်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာ မနေရရန် ဖြစ်၏၊

(၃) မင်းကြီး တွေဝေမှု ‘မောဟ’တရားသည် လူအပေါင်းအား ဖြစ်သည်ရှိသော် အစီးအပွားမဲ့ရန်

ဆင်းရဲရန် ချမ်းသာစွာ မနေရရန် ဖြစ်၏။

မင်းကြီး သုံးပါးကုန်သော တရားတို့သည် လူအပေါင်းအား ဖြစ်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာ မနေရရန် ဖြစ်ကုန်၏ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

လိုချင်မှု ‘လောဘ’သည်လည်းကောင်း၊ အမျက်ထွက်မှု ‘ဒေါသ’သည်လည်းကောင်း၊ တွေဝေမှု ‘မောဟ’သည်လည်းကောင်း ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် ‘အခွံလျှင် အနှစ်ရှိသော (ဝါးကျူစသော) အပင်ကို မိမိအသီးသည် ညှဉ်းဆဲဖျက်ဆီးသကဲ့သို့’ မကောင်းသော စိတ်ရှိသော ယောကျာ်းကို ဖျက်ဆီးကုန်၏ဟု (မိန့်တော်မူ၏)။