သံယုတ္တနိကာယ်—၃

၃—တတိယဝဂ်

၄—ဣဿတ္တသုတ်

၁၃၅။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား— “အသျှင်ဘုရား အဘယ်ပုဂ္ဂိုလ်၌ အလှူကို ပေးလှူအပ်ပါသနည်း”ဟု လျှောက်၏၊ မင်းကြီး အကြင်ပုဂ္ဂိုလ်၌ စိတ်သည် ကြည်ညို၏၊ ထိုပုဂ္ဂိုလ်အား ပေးလှူအပ်၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အဘယ်ပုဂ္ဂိုလ်၌ အလှူကို ပေးလှူခြင်းသည် အကျိုးကြီးပါသနည်းဟု လျှောက်၏၊ မင်းကြီး အဘယ်ပုဂ္ဂိုလ်၌ အလှူကို ပေးလှူအပ်ပါသနည်း ဤအမေးသည် တစ်မျိုးသာတည်း။ ထို့ပြင် အဘယ်ပုဂ္ဂိုလ်၌ ပေးလှူခြင်းသည် အကျိုးကြီးပါသနည်း ဤအမေးသည် တစ်မျိုးသာတည်း။ မင်းကြီး စင်စစ် သီလရှိသော ပုဂ္ဂိုလ်အား ပေးလှူခြင်းသည် အကျိုးကြီး၏၊ သီလမရှိသော ပုဂ္ဂိုလ်အား ပေးလှူခြင်းသည် အကျိုး မကြီး။ မင်းကြီး သို့ဖြစ်လျှင် ဤအရာ၌ သင်မင်းကြီးကိုပင်လျှင် တစ်ဖန် မေးဦးအံ့၊ ထိုအမေးကို သင် နှစ်သက်သလို ဖြေကြားလော့။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤ အရပ်၌ သင့်အား စစ်သည် စုရုံး၍ စစ်ထိုးခြင်းသည် ရှေးရှုထင်၏၊ ထိုသို့ ထင်လတ်သော် လေးအတတ်ကို မသင်ရသေး၍ လေးမြားအတတ်၌ လက်ကျင့် မရသေးသော (လေးအတတ်၌) မလေ့လာဖူးသေးသော ပြု လုပ်ထားသော စက်ဝန်း၌ မြားကို မကျစေနိုင်သော ကြောက်တတ်သော တုန်လှုပ်တတ်သော ထိတ်လန့် တတ်သော ပြေးတတ်သော မင်းသားသည် လာရာ၏၊ ထိုပုဂ္ဂိုလ်ကို (သင်သည်) မွေးမြူမည်လော၊ သင့် အား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလိုရှိမည်လောဟု မေးတော်မူ၏။ အသျှင်ဘုရား ထိုပုဂ္ဂိုလ်ကို အကျွန်ုပ်သည် မမွေးမြူ၊ အကျွန်ုပ်အား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလို မရှိပါ။ ထို့ပြင် လေး အတတ်ကို မသင်ရသေးသော ပုဏ္ဏားလုလင်သည် လာရာ၏။ပ။

ထို့ပြင် လေးအတတ်ကို မသင်ရသေး သော ကုန်သည်လုလင်သည် လာရာ၏။ပ။ ထို့ပြင် လေးအတတ်ကို မသင်ရသေးသော သူဆင်းရဲလုလင် သည် လာရာ၏။ပ။ အကျွန်ုပ်သည် ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလို မရှိပါဟု လျှောက်၏။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤအရပ်၌ သင့်အား စစ်သည် စုရုံး၍ စစ်ထိုးခြင်းသည် ရှေးရှုထင်၏။ ထိုသို့ ထင်လတ်သော် လေးအတတ်ကို သင်ပြီး၍ လေးမြားအတတ်၌ လက်ကျင့် ရပြီးသော (လေးအတတ်၌) လေ့လာပြီးသော ပြုလုပ်ထားသော စက်ဝန်း၌ မြားကို ကျစေနိုင်သော မကြောက်တတ်သော မတုန်လှုပ်တတ်သော မထိတ်လန့်တတ်သော မပြေးတတ်သော မင်းသားသည် လာ ရာ၏၊ ထိုပုဂ္ဂိုလ်ကို (သင်သည်) မွေးမြူမည်လော၊ သင့်အား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလိုရှိ မည်လောဟု မေးတော်မူ၏။ အသျှင်ဘုရား ထိုပုဂ္ဂိုလ်ကို အကျွန်ုပ်သည် မွေးမြူလိုပါ၏၊ အကျွန်ုပ်သည် ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလိုရှိပါ၏။ ထို့ပြင် ပုဏ္ဏားလုလင်သည် လာရာ၏။ပ။ ထို့ပြင် ကုန်သည် လုလင်သည် လာရာ၏။ပ။ ထို့ပြင် လေးအတတ်ကို သင်ပြီး၍ (လေးမြားအတတ်၌) လက်ကျင့်ရပြီးသော (လေးအတတ်၌) လေ့လာပြီးသော ပြုလုပ်ထားသော စက်ဝန်း၌ မြားကို ကျစေနိုင်သော မကြောက်တတ် သော မတုန်လှုပ်တတ်သော မထိတ်လန့်တတ်သော မပြေးတတ်သော သူဆင်းရဲလုလင်သည် လာရာ၏၊ ထိုပုဂ္ဂိုလ်ကို သင်သည် မွေးမြူမည်လော၊ သင့်အား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အလိုရှိမည်လော၊ အသျှင်ဘုရား ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို အကျွန်ုပ်သည် မွေးမြူလို၏၊ အကျွန်ုပ်အား ထိုသို့သဘောရှိ သော ပုဂ္ဂိုလ်ကို အလိုရှိပါ၏ဟု (လျှောက်၏)။

မင်းကြီး ဤအတူသာလျှင် မည်သည့်အမျိုးမှမဆို ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုအံ့၊ ထိုရဟန်းသည်လည်း အင်္ဂါငါးပါးကို ပယ်ပြီးသည်ဖြစ်၍ အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသည် ဖြစ် အံ့၊ ထိုပုဂ္ဂိုလ်၌ လှူအပ်သော အလှူသည် အကျိုးကြီး၏။ အဘယ်အင်္ဂါငါးပါးတို့ကို ပယ်အပ်ကုန်သနည်း —

(၁) ကာမဂုဏ်ကို လိုလားမှု ‘ကာမစ္ဆန္ဒ’ကို ပယ်အပ်၏။

(၂) ပျက်စီးစေလိုမှု ‘ဗျာပါဒ’ကို ပယ်အပ်၏။

(၃) လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ကို ပယ်အပ်၏။

(၄) ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ကို ပယ်အပ်၏။

(၅) မခွဲဝေနိုင်မှု ‘ဝိစိကိစ္ဆာ’ကို ပယ်အပ်၏။ ဤအင်္ဂါငါးပါးတို့ကို ပယ်အပ်ကုန်၏။

အဘယ်အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသနည်း —

(၁) ရဟန္တာတို့၏ ဥစ္စာဖြစ်သော သီလဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။

(၂) ရဟန္တာတို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။

(၃) ရဟန္တာတို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။

(၄) ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကိလေသာမှ လွတ်မြောက်မှု ဝိမုတ္တိဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။

(၅) ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကိလေသာမှ လွတ်မြောက်သော ဉာဏ်အမြင် ဝိမုတ္တိÓဏ

ဒဿနဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ ဤအင်္ဂါငါးပါးတို့နှင့် ပြည့်စုံ၏။

ဤအင်္ဂါငါးပါးတို့ကို ပယ်ပြီး၍ အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား ပေးလှူအပ်သော အလှူ သည် အကျိုးကြီး၏ဟု ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ လူနတ်တို့၏ ဆရာဖြစ်တော်မူ သော မြတ်စွာဘုရားသည် ဤဂါထာတို့ကို မိန့်တော်မူ၏။ပ။

“အကြင်လုလင်၌ လေးအတတ်သည်လည်းကောင်း၊ ခွန်အားလုံ့လသည်လည်းကောင်း ရှိ၏။ မင်းသည် ထိုလုလင်ကိုသာ စစ်ထိုးရာ၌ အလိုရှိသည်ဖြစ်၍ မွေးမြူ ရာ၏၊ ရဲရင့်ခြင်း မရှိသော သူကို အမျိုးဟူသော အကြောင်းကြောင့် မမွေးမြူရာ။

ထို့အတူသာလျှင် အကြင်ပုဂ္ဂိုလ်၌ သည်းခံခြင်းသည်လည်းကောင်း၊ ရဲရင့်သည်၏ အဖြစ့် (အရဟတ္တဖိုလ်) သည်လည်းကောင်း တရားနှစ်ပါးတို့သည် တည်ကုန်၏။ အရိယာတို့၏ အသက်မွေးခြင်းဖြင့် အသက်မွေးသော ပညာရှိသူကို အမျိုးပင် ယုတ်သော်လည်း ပူဇော်ရာ၏။

နှလုံးမွေ့လျော်ဖွယ်ဖြစ်သော ကျောင်းသင်္ခမ်းတို့ကို ပြုလုပ်ရာ၏၊ ဤကျောင်း၌ အကြားအမြင်များသူတို့ကို နေစေရာ၏၊ တောအရပ်၌ ရေအိုးစင်တို့ကိုလည်း ပြု လုပ်ရာ၏၊ မညီညွတ်သော အရပ်၌ တံတားလမ်းတို့ကိုလည်း ပြုလုပ်ရာ၏။

ဖြောင့်မတ်စွာ ကျင့်ကုန်သော ပုဂ္ဂိုလ်တို့အား ကြည်လင်သော စိတ်ဖြင့် ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ ခဲဖွယ်ကိုလည်းကောင်း၊ အဝတ်သင်္ကန်း ကိုလည်းကောင်း၊ အိပ်ရာနေရာတို့ကိုလည်းကောင်း ပေးလှူရာ၏။

လျှပ်စစ်နွယ်ရှိသော အရာသော တိမ်ထွတ်ရှိသော မိုးသည် ထစ်ချုန်း၍ မြေကြီး ကို စိုစွတ်စေလျက် ကြည်းကုန်းကိုလည်းကောင်း၊ နိမ့်ရာအရပ်ကိုလည်းကောင်း ပြည့်စေသကဲ့သို့—

ထို့အတူပင်လျှင် သဒ္ဓါတရားရှိသော အကြားအမြင်များသော ပညာရှိသည် စား သုံးဖွယ်ကို စီရင်၍ တောင်းစားတတ်သူတို့ကို ထမင်းအဖျော်ဖြင့် ရောင့်ရဲစေ၏။

အလွန်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ပေးကမ်းစွန့်ကြဲ၏၊ “လှူကြပါကုန် လှူကြပါကုန်”ဟု ပြောဆို၏၊ ရွာသော မိုး၏ ထစ်ချုန်းသံကဲ့သို ထိုသို့ ဆိုခြင်း သည်သာလျှင် ထိုပညာရှိ၏ ထစ်ချုန်းသံမည်၏၊ ပြန့်ပြောသော ထိုကောင်းမှုအယဉ် သည် ပေးလှူတတ် သူကို စိုစွတ်စေ၏”ဟု မိန့်တော်မူ၏။