သံယုတ္တနိကာယ်—၃

၃—တတိယဝဂ်

၅—ပဗ္ဗတူပမသုတ်

၁၃၆။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ထိုင်နေသော ပသေနဒီကောသလမင်းအား မြတ်စွာဘုရားသည် “မင်းကြီး ယခု နေမွန်းတည့်အခါ၌ အဘယ်အရပ်က လာခဲ့သနည်း”ဟု မိန့်တော်မူ၏၊ အသျှင် ဘုရား ရေမြေကို အစိုးရကုန်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးကုန်သော အစိုးရခြင်းမာန်ဖြင့် ယစ်ကုန် သော ကာမဂုဏ်တို့၌ တပ်မက်ခြင်းသည် နှိပ်စက်အပ်ကုန်သော ဇနပုဒ်၌ မြဲမြံစွာ တည်သည်၏ အဖြစ်သို့ ရောက်ကုန်သော ကြီးသော မြေအဝှန်းကို အောင်၍ အုပ်စိုးလျက် နေကုန်သော မင်းတို့အား မင်းရေး မင်းရာ ပြုဖွယ်ကိစ္စတို့သည် ရှိပါကုန်၏၊ အကျွန်ုပ်သည် ထိုကိစ္စတို့၌ ယခုအခါ ကြောင့်ကြခြင်းသို့ ရောက်၏ဟု (လျှောက်၏)။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ယုံကြည်အပ်သော စကားရှိသော လူယုံတော် ဖြစ်သော မင်းချင်းယောကျာ်းသည် အရှေ့အရပ်မှ လာရာ၏၊ ထိုယောကျာ်းသည် သင်မင်းကြီးထံသို့ ချဉ်း ကပ်၍ ဤသို့ ဆိုရာ၏— “မင်းကြီး သိတော်မူလော့၊ အကျွန်ုပ်သည် အရှေ့အရပ်မှ လာခဲ့၏၊ ထိုအရှေ့ အရပ်၌ ကြီးစွာသော တိမ်တိုက်နှင့် တူသော တောင်ကို မြင်ခဲ့ပါ၏၊ (ထိုတောင်သည်) အလုံးစုံသော သတ္တဝါတို့ကို ကြိတ်လျက် လာ၏၊ မင်းကြီး သင်မင်းကြီးအား ပြုဖွယ်ကိစ္စသည် ရှိ၏၊ ထိုပြုဖွယ်ကိစ္စကို ပြုလော့”ဟု ဤသို့ ဆိုရာ၏၊ ထို့ပြင် ဒုတိယမင်းချင်းယောကျာ်းသည် အနောက်အရပ်မှ လာရာ၏။ပ။ ထို့ပြင် တတိယမင်းချင်းယောကျာ်းသည် မြောက်အရပ်မှ လာရာ၏။ ထို့ပြင် ယုံကြည်အပ်သော စကားရှိ သော လူယုံတော်ဖြစ်သော စတုတ္ထမင်းချင်းယောကျာ်းသည် တောင်အရပ်မှ လာရာ၏။ ထိုယောကျာ်းသည် သင်မင်းကြီးထံသို့ ချဉ်းကပ်၍ ဤသို့ ဆိုရာ၏ — “မင်းကြီး သိတော်မူပါလော့၊ အကျွန်ုပ်သည် တောင် အရပ်မှ လာခဲ့၏၊ ထိုတောင်အရပ်၌ ကြီးစွာသော တိမ်တိုက်နှင့် တူသော တောင်ကို မြင်ခဲ့ပါ၏၊ (ထိုတောင် သည်) အလုံးစုံသော သတ္တဝါတို့ကို ကြိတ်လျက်လာ၏၊ မင်းကြီး သင်မင်းကြီးအား ပြုဖွယ်ကိစ္စသည် ရှိ၏၊ ထိုပြုဖွယ်ကိစ္စကို ပြုလော့”ဟု ဆိုရာ၏၊ မင်းကြီး လူအဖြစ်သည် ရခဲပါလျက် ဤသို့ သဘောရှိသော လူကုန်လောက်အောင် ပြင်းထန်ကြမ်းကြုတ်သော ဘေးကြီးဖြစ်လာခဲ့သော် သင့်အဘယ်သို့ ပြုလုပ်မည် နည်းဟု မိန့်တော်မူ၏။

အသျှင်ဘုရား လူအဖြစ်သည် ရခဲပါလျက် ဤသို့ သဘောရှိသော လူကုန်လောက်အောင် ပြင်းထန် ကြမ်းကြုတ်သော ဘေးကြီးဖြစ်လာခဲ့သော် တရားကျင့်ခြင်း၊ အညီအမျှကျင့်ခြင်း၊ ကုသိုလ်ပြုခြင်း၊ ကောင်းမှု ပြုခြင်း မှတစ်ပါး အခြား အဘယ်မှာ ပြုဖွယ် ရှိပါအံ့နည်းဟု (လျှောက်၏)။

မင်းကြီး သင့်အား ပြောကြားအံ့၊ မင်းကြီး သင့်အား သိစေအံ့၊ မင်းကြီး သင့်အား စင်စစ် အိုခြင်း သေခြင်းတရားသည် လွှမ်းမိုးသည်သာလျှင်တည်း၊ မင်းကြီး သင့်အား အိုခြင်း သေခြင်းသည် လွှမ်းမိုး သည်ရှိသော် အဘယ်သို့ ပြုလုပ်မည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်အား အိုခြင်း သေခြင်းသည် လွှမ်းမိုးသည် ရှိသော်ကား တရားကျင့်ခြင်း၊ အညီအမျှကျင့်ခြင်း၊ ကုသိုလ်ပြုခြင်း၊ ကောင်းမှု ပြုခြင်းမှ တစ်ပါး အခြား အဘယ်မှာ ပြုဖွယ်ရာ ရှိပါအံ့နည်း။

အရှင်ဘုရား ရေမြေကို အစိုးရကုန်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးကုန်သော အစိုးရခြင်းမာန်ဖြင့် ယစ်ကုန်သော ကာမဂုဏ်တို့၌ တပ်ခြင်းသည် နှိပ်စက်အပ်ကုန်သော ဇနပုဒ်၌ မြဲမြံစွာ တည်သည်၏အဖြစ် သို့ ရောက်ကုန်သော ကြီးသော မြေအဝှန်းကို အောင်၍ အုပ်စိုးနေကုန်သော မင်းတို့အား ဆင်တို့ဖြင့် စစ်ထိုးခြင်းတို့သည် ဖြစ်ကုန်၏၊ အသျှင်ဘုရား ဆင်တို့ဖြင့် စစ်ထိုးကုန်သော ထိုသူတို့အားလည်း အိုခြင်း သေခြင်းတရားတို့သည် လွှမ်းမိုးသည်ရှိသော် လားရာ မရှိပါ၊ မှီရာ မရှိပါ။

အသျှင်ဘုရား ရေမြေကို အစိုးရကုန်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးကုန်သော။ပ။ အုပ်စိုးနေ ကုန်သော မင်းတို့အား မြင်းတို့ဖြင့် စစ်ထိုးခြင်းတို့သည် ဖြစ်ကုန်၏။ပ။ ရထားတို့ဖြင့် စစ်ထိုးခြင်းတို့ သည် ဖြစ်ကုန်၏။ပ။ ခြေသည်တို့ဖြင့် စစ်ထိုးခြင်းတို့သည် ဖြစ်ကုန်၏၊ အသျှင်ဘုရား ခြေသည်တို့ဖြင့် စစ်ထိုးကုန်သော ထိုသူတအားလည်း အိုခြင်း သေခြင်းတရားသည် လွှမ်းမိုးသည်ရှိသော် လားရာ မရှိပါ၊ မှီရာ မရှိပါ။

အသျှင်ဘုရား စင်စစ်အားဖြင့် ဤမင်းမျိုး၌ အတိုင်ပင်ခံ အမတ်ကြီးတို့သည် ရှိကုန်၏၊ ယင်းအမတ် ကြီးတို့သည် လာကုန်သော ရန်သူတို့ကို တိုင်ပင်ခြင်းတို့ဖြင့် ကွဲပြားစိမ့်သောငှါ စွမ်းနိုင်ကုန်၏၊ အသျှင် ဘုရား တိုင်ပင်ခြင်းဖြင့် စစ်ထိုးကုန်သော ထိုသူတို့အားသော်မှလည်း အိုခြင်း သေခြင်းတရားသည် လွှမ်းမိုး သည်ရှိသော် လားရာ မရှိပါ၊ မှီရာ မရှိပါ။

အသျှင်ဘုရား ဤမင်းမျိုး၌ မြေ၌ မြှုပ်ထားအပ်သည်လည်းဖြစ်သော ဟင်းလင်းပြင်တို့၌ ဆွဲထား အပ်သည်လည်းဖြစ်သော များစွာသော ရွှေငွေသည် ရှိ၏၊ ယင်းရွှေငွေဖြင့် အကျွန်ုပ်တို့သည် လာကုန်သော ရန်သူတို့ကို ဖြားယောင်းခြင်းငှါ စွမ်းနိုင်ကုန်၏၊ အသျှင်ဘုရား ဥစ္စာဖြင့် စစ်ထိုးကုန်သော ထိုမင်းတို့အား သော်မှလည်း အိုခြင်း သေခြင်းတရားသည် လွှမ်းမိုးသည်ရှိသော် လားရာ မရှိပါ၊ မှီရာ မရှိပါ။

အသျှင်ဘုရား အကျွန်ုပ်အား အိုခြင်း သေခြင်းတရားသည် လွှမ်းမိုးသည်ရှိသော် တရားကျင့်ခြင်း၊ အညီအမျှကျင့်ခြင်း၊ ကုသိုလ်ပြုခြင်း၊ ကောင်းမှုပြုခြင်းမှ တစ်ပါး အခြား အဘယ်မှာ ပြုဖွယ် ရှိပါအံ့နည်းဟု (လျှောက်၏)။

မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ အိုခြင်း သေခြင်းတရားသည် လွှမ်းမိုးသည်ရှိသော် တရားကျင့်ခြင်း၊ အညီအမျှကျင့်ခြင်း၊ ကုသိုလ်ပြုခြင်း၊ ကောင်းမှု ပြုခြင်းမှ တစ်ပါး အခြား အဘယ်မှာ ပြုဖွယ် ရှိပါအံ့နည်း၊ ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ပ။ လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤဂါထာတို့ကို မိန့်တော်မူ၏—

“ပြန့်ကျယ်ကုန်သော ကျောက်တောင်တို့သည် ကောင်းကင်ကို ထိ၍ ထက်ဝန်း ကျင် အရပ်လေးမျက်နှာမှ သတ္တဝါတို့ကို ကြိတ်ချေကုန်လျက် အစဉ်လိမ့်၍ လာကုန် သကဲ့သို့။

ထို့အတူ အိုခြင်းတရားသည်လည်းကောင်း၊ သေခြင်းတရားသည်လည်းကောင်း၊ သတ္တဝါတို့ကို့လွှမ်းမိုးနှိပ်စက်ကုန်၏။ မင်းတို့ကိုလည်းကောင်း၊ ပုဏ္ဏားတို့ကိုလည်းကောင်း၊ ကုန်သည်တို့ကိုလည်းကောင်း၊ သူဆင်းရဲတို့ကိုလည်းကောင်း၊ ဒွန်းစဏ္ဍာ ပန်းမှိုက်သွန်တို့ကိုလည်းကောင်း (လွှမ်းမိုးနှိပ်စက်ကုန်၏)၊ တစ်စုံတစ်ယောယ်ကိုမျှ မရှောင် အလုံးစုံသော သူတို့ကိုပင်လျှင် လွှမ်းမိုးခြေမှုန်း၏။

ထိုအရာ၌ ဆင်တို့၏ အရာမဟုတ်၊ ရထားတို့၏ အရာမဟုတ်၊ ခြေသည်တို့၏ အရာမဟုတ်။ အတိုင်ပင်ဖြစ်သော စစ်ထိုးခြင်းဖြင့်လည်းကောင်း၊ ရွှေငွေဥစ္စာ ပေး သဖြင့်လည်းကောင်း အောင်ခြင်းငှါ မတတ်ကောင်း။

ထို့ကြောင့်လျှင် မိမိ၏ အကျိုးကို ကောင်းစွာ မြင်သော၊ ပညာရှိသော၊ မြဲမြံ တည်ကြည်သော ပုဂ္ဂိုလ်သည် ဘုရား၌လည်းကောင်း၊ တရား၌လည်းကောင်း၊ သံဃာ၌လည်းကောင်း ယုံကြည်ခြင်းကို တည်စေရာ၏။

အကြင်သူသည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ ထိုမှတစ်ပါး စိတ်ဖြင့်လည်းကောင်း တရားကို ကျင့်၏။ ထိုသူကို ဤဘဝ၌ပင်လျှင် ချီးမွမ်းကုန်၏၊ တမလွန်ဘဝ၌ နတ်ပြည်၌ မွေ့လျော်ရ၏”ဟု (မိန့်တော်မူ၏)။

တတိယဝဂ် ပြီး၏။

ကောသလသံယုတ် ပြီး၏။