သံယုတ္တနိကာယ်—၃

၁—ပဌမဝဂ်

၃—ဇရာမရဏသုတ်

၁၁၄။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဘုရား ပဋိသန္ဓေနေသောသူအား အိုခြင်း သေခြင်းမှ လွတ်ခြင်းမည်သည် ရှိပါသလောဟု (လျှောက်၏)၊ မင်းကြီး ပဋိသန္ဓေနေသောသူအား အိုခြင်း သေခြင်းမှ လွတ်ခြင်းမည်သည် မရှိ၊ မင်းကြီး ကြွယ်ဝကုန်သော များသောဥစ္စာရှိကုန်သော များသောစည်းစိမ်ရှိကုန်သော များသောရွှေငွေရှိကုန်သော များသောအသုံးအဆောင် အဆောက်အဦရှိကုန်သော များသောဥစ္စာစပါးရှိကုန် သော အကြင်ခတ္တိယမဟာသာလမင်းမျိုးတို့သည် ရှိကုန်၏၊ ပဋိသန္ဓေနေခြင်းရှိကုန်သော ထိုမင်းတို့အား သော်မှလည်း အိုခြင်း သေခြင်းမှ လွတ်ခြင်းမည်သည် မရှိ။ အကြင်ဗြာဟ္မဏမဟာသာလပုဏ္ဏားမျိုးတို့သည် ရှိကုန်၏။ပ။ ကြွယ်ဝကုန်သော များသောဥစ္စာရှိကုန်သော များသောစည်းစိမ်ရှိကုန်သော များသောရွှေငွေရှိ ကုန်သော များသောအသုံးအဆောင် အဆောက်အဦရှိကုန်သော များသောဥစ္စာစပါးရှိကုန်သော အကြင့်ဂဟပတိမဟာသာလသူကြွယ်မျိုးတို့သည် ရှိကုန်၏၊ ပဋိသန္ဓေနေခြင်းရှိကုန်သော ထိုသူကြွယ်တို့အားသော်မှလည်း အိုခြင်း သေခြင်းမှ လွတ်ခြင်းမည်သည် မရှိ။ မင်းကြီး ကိလေသာတို့မှ ဝေးကုန်ပြီးသော အာသဝ ကုန်ပြီးကုန်သော ကျင့်သုံးပြီးသော (မဂ်) အကျင့်ရှိ ကုန်သော ပြုအပ်ပြီးသော (မဂ်) ကိစ္စလည်းရှိကုန်သော ချအပ်ပြီးသော ခန္ဓာဝန်ရှိကုန်သော အစဉ်ရောက်ပြီးသော မိမိအကျိုး (အရဟတ္တဖိုလ်) ရှိကုန်သော ကုန်ပြီး သော ဘဝသံယောဇဉ်ရှိကုန်သော ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ကုန်ပြီးသော အကြင်ရဟန္တာဖြစ် ကုန်သော ရဟန်းတို့သည် ရှိကုန်၏၊ ထိုရဟန္တာဖြစ်ကုန်သော ရဟန်းတို့အားသော်မှလည်း ဤခန္ဓာကိုယ် သည် ပျက်ခြင်းသဘောရှိ၏၊ ပစ်ချခြင်းသဘောရှိ၏ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

ရွှေငွေအစရှိသည်ဖြင့် ကောင်းစွာ ဆန်းကြယ်ကုန်သော မင်း၏ ရထားတို့သည် စင်စစ် ဆွေးမြေ့တတ်ကုန်၏၊ ထိုမှတစ်ပါး ခန္ဓာကိုယ်သည်လည်း ဆွေးမြေ့ခြင်းသို့ ရောက်၏၊ သူတော်ကောင်းတို့၏ (နိဗ္ဗာန်) တရားသည်ကား ဆွေးမြေ့ခြင်းသို့ မရောက်နိုင်၊ သူတော်ကောင်းတို့သည် စင်စစ် သူတော်ကောင်းတို့နှင့်တကွ ပြော ကြားကုန်၏ဟု (မိန့်တော်မူ၏)။