သံယုတ္တနိကာယ်—၃

၁—ပဌမဝဂ်

၄—ပိယသုတ်

၁၁၅။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ တစ်ယောက်တည်း နေ သော အကျွန်ုပ်အား “အဘယ်သူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်သနည်း၊ အဘယ်သူတို့သည် မိမိကိုယ်ကို မချစ်အပ်သည် မည်သနည်း”ဟု စိတ်အကြံသည် ထင်ရှားဖြစ်ပေါ်ပါ၏၊ အသျှင်ဘုရား ထို အကျွန်ုပ်အား ထိုအကြံသည် ဖြစ်ပြန်ပါ၏— “အကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသောအကျင့် ‘ကာယ ဒုစရိုက်’သုံးပါးကို ကျင့်ကုန်၏၊ နှုတ်ဖြင့် မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’လေးပါးကို ကျင့်ကုန်၏၊ စိတ်ဖြင့် မကောင်းသောအကျင့် ‘မနောဒုစရိုက်’သုံးပါးကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ် သည် မမည်၊ ‘ငါတို့သည် မိမိကိုယ်ကို ချစ်အပ်၏’ဟု အကယ်၍ ဆိုကြစေကာမူ၊ ထိုသို့ပင် ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို မချစ်အပ်သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်း၊ မချစ်သော သူသည် မချစ်အပ်သော သူ၏ အကျိုးငှါ ပြုလုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုင်ပင် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့သည် မိမိကိုယ်ကို မချစ်အပ်သည် မည်၏။

အကြင်သူတို့သည် ကိုယ်ဖြင့် ကောင်းသောအကျင့် ‘ကာယသုစရိုက်’ ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ ကို ကျင့်ကုန်၏၊ စိတ်ဖြင့် ကောင်းသောအကျင့် ‘မနောသုစရိုက်’ ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏၊ ‘ငါတို့သည် မိမိကိုယ်ကို မချစ်အပ်’ဟု အကယ်၍ ဆိုကြစေကာမူ၊ ထိုသို့ပင် ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သော သူသည် ချစ်အပ်သော သူ၏ အကျိုးငှါ ပြု လုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုင်ပင် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့သည် မိမိ ကိုယ်ကို ချစ်အပ်သည် မည်၏”ဟု (အကြံ ဖြစ်ပါ၏ဟု လျှောက်၏)။

မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး အကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် မကောင်း သောအကျင့် ‘ဝစီဒုစရိုက်’ကို ကျင့်ကုန်၏၊ စိတ်ဖြင့် မကောင်းသောအကျင့် ‘မနောဒုစရိုက်’ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မမည်၊ ထိုသူတို့သည် ‘ငါတို့သည် မိမိကိုယ်ကို ချစ်အပ်၏’ဟု အကယ်၍ ဆိုကြစေကာမူ၊ ထိုသို့ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို့မချစ်အပ်သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ မင်းကြီး မချစ်သော သူသည် မချစ်အပ်သော သူ၏ အကျိုးငှါ ပြုလုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုင်ပင် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့ သည် မိမိကိုယ်ကို မချစ်အပ်သည် မည်၏။

မင်းကြီး အကြင်သူတို့ကား ကိုယ်ဖြင့် ကောင်းသောအကျင့် ‘ကာယသုစရိုက်’ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ကို ကျင့်ကုန်၏၊ စိတ်ဖြင့် ကောင်းသောအကျင့် ‘မနောသုစရိုက်’ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏၊ ထိုသူတို့သည် ‘ငါတို့သည် မိမိကိုယ်ကို မချစ်အပ်’ဟု အကယ်၍ ဆိုကြစေကာမူ၊ ထိုသို့ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ် သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သော သူသည် ချစ်အပ်သော သူ၏ အကျိုးငှါ ပြုလုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုင်ပင် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့ သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

မိမိကိုယ်ကို ချစ်အပ်၏ဟူ၍ အကယ်၍ သိငြားအံ့၊ ထိုမိမိကိုယ်ကို မကောင်းမှုနှင့် မယှဉ်စေရာ။ မှန်၏၊ မကောင်းမှုကို ပြုလေ့ရှိသော သူသည် ထိုချမ်းသာကို ရလွယ် သည် မဖြစ်။

မှန်၏၊ သေမင်း နှိပ်စက်အပ်သည်ဖြစ်၍ လူ၌ ဖြစ်သော ဘဝကို စွန့်ရသော သူအား အဘယ်သည်လျှင် ထိုသူ၏ ဥစ္စာဖြစ်သနည်း၊ အဘယ်ကိုလျှင် ယူ၍ သွားရ သနည်း။ ထိုသူအား ‘အရိပ်သည် အစဉ်လိုက်သကဲ့သို့’ အဘယ်သည်လျှင် အစဉ် လိုက်သနည်း။

ဤလောက၌ သတ္တဝါသည် နှစ်ပါးကုန်သော အကြင် ကောင်းမှုကိုလည်းကောင်း၊ အကြင်မကောင်းမှုကိုလည်းကောင်း ပြု၏။ ထိုကောင်းမှု မကောင်းမှုသည်သာလျှင် ထိုသူ၏ ဥစ္စာဖြစ်၏၊ ထိုဥစ္စာကိုသာလျှင် ယူ၍ သွား၏။ အရိပ်သည် အစဉ်လိုက် သကဲ့သို့ ထိုကောင်းမှု မကောင်းမှု နှစ်ပါးသည်သာလျှင် အစဉ်လိုက်၏။

ထို့ကြောင့် တမလွန်၌ အကျိုးရှိသော ဆည်းပူးအပ်သော ကောင်းမှုကို ပြုရာ၏၊ ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။