သံယုတ္တနိကာယ်—၃

၁—ပဌမဝဂ်

၅—အတ္တရက္ခိတသုတ်

၁၁၆။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား ဤအရပ်၌ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက် တည်း နေသော အကျွန်ုပ်အား “အဘယ်သူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်သနည်း၊ အဘယ်သူတို့သည် မိမိကိုယ်ကို မစောင့်ရှောက်အပ်သည် မည်သနည်း”ဟု ဤသို့သော စိတ်အကြံသည် ဖြစ်ပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား ဤသို့သော အကြံသည် ဖြစ်ပြန်ပါ၏— “အကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် မကောင်းသောအကျင့် ‘ဝစီ ဒုစရိုက်’ကို ကျင့်ကုန်၏၊ စိတ်ဖြင့် မကောင်းသောအကျင့် ‘မနောဒုစရိုက်’ ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မမည်။ ထိုသူတို့ကို ဆင်အပေါင်းသည်လည်း အကယ်၍ စောင့်ရှောက် ငြားအံ့၊ မြင်းအပေါင်းသည်လည်း အကယ်၍ စောင့်ရှောက်ငြားအံ့၊ ရထားအပေါင်းသည်လည်း အကယ်၍ စောင့်ရှောက်ငြားအံ့၊ ခြေသည်သူရဲအပေါင်းသည်လည်း အကယ်၍ စောင့်ရှောက်ငြားအံ့၊ ထိုသို့ပင် စောင့် ရှောက်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မမည်။ ထိုသို့ဖြစ်ခြင်းသည် အဘယ် အကြောင်းကြောင့်နည်း၊ အကြင့်ကြောင့် ဤအစောင့်အရှောက်သည် အပဖြစ်သော အစောင့်အရှောက်တည်း၊ ဤအစောင့်အရှောက်သည် အတွင်း၌ ဖြစ်သော အစောင့်အရှောက် မဟုတ်၊ ထို့ကြောင့် ထိုသူတို့သည် မိမိ ကိုယ်ကို စောင့်ရှောက်အပ်သည် မမည်။

အကြင်သူတို့သည် ကိုယ်ဖြင့် ကောင်းသောအကျင့် ‘ကာယသုစရိုက်’ ကို ကျင့်ကုန်၏၊ နှုတ်ဖြင့်ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ ကို ကျင့်ကုန်၏၊ စိတ်ဖြင့် ကောင်းသောအကျင့် ‘မနောသုစရိုက်’ ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏၊ ထိုသူတို့ကို ဆင်အပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ မြင်းအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ရထားအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ခြေသည်သူရဲအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ထိုသို့ပင် မစောင့်ရှောက်ကြသော်လည်း ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏။ ထိုသို့ ဖြစ်ခြင်း သည် အဘယ်အကြောင်းကြောင့်နည်း၊ အကြင့်ကြောင့် ဤအစောင့်အရှောက်သည် အတွင်း၌ ဖြစ်သော အစောင့်အရှောက်တည်း၊ ဤအစောင့်အရှောက်သည် အပဖြစ်သော အစောင့်ရှောက် မဟုတ်၊ ထို့ကြောင့် ထို သူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏”ဟု (အကြံ ဖြစ်ပြန်ပါ၏ဟု လျှောက်၏)။

မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏။ မင်းကြီး အချို့ကုန်သော အကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ ကို ကျင့်ကုန်၏။ပ။ ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မမည်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်း၊ မင်းကြီး အကြင့်ကြောင့် ဤအစောင့်အရှောက်သည် အပဖြစ်သော အစောင့်အရှောက်တည်း၊ ဤ အစောင့်အရှောက်သည် အတွင်း၌ ဖြစ်သော အစောင့်ရှောက် မဟုတ်၊ ထို့ကြောင့် ထိုသူတို့သည် မိမိကိုယ် ကို စောင့်ရှောက်အပ်သည် မမည်။

မင်းကြီး အကြင်သူတို့သည် ကိုယ်ဖြင့် ကောင်းသောအကျင့် ‘ကာယသုစရိုက်’ ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ကို ကျင့်ကုန်၏၊ စိတ်ဖြင့် ကောင်းသောအကျင့် ‘မနောသုစရိုက်’ ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏၊ ထိုသူတို့ကို ဆင်အပေါင်း သည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ မြင်းအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ရထား အပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ခြေသည်သူရဲအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြား အံ့၊ ထိုသို့ပင် မစောင့်ရှောက်ကြသော်လည်း ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ မင်းကြီး အကြင့်ကြောင့် ဤအစောင့်အရှောက်သည် အတွင်းအစောင့်အရှောက်တည်း၊ ဤအစောင့်အရှောက်သည် အပအစောင့်အရှောက် မဟုတ်၊ ထို့ကြောင့် ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

ကိုယ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ နှုတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ စိတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ အလုံးစုံတို့၌ စောင့်စည်းခြင်းသည် ကောင်း၏၊ အလုံးစုံတို့၌ စောင့်စည်းသော ရှက်ခြင်းရှိသော သူကို မိမိ ကိုယ်ကို စောင့်ရှောက်သော သူဟူ၍ သိအပ်၏ဟု (မိန့်တော်မူ၏)။