သံယုတ္တနိကာယ်—၃၁

၁—သုဒ္ဓိကသုတ်

၄၃၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ပ။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— “ရဟန်းတို့သင်တို့အား ဂန္ဓဗ္ဗနတ်မျိုးတို့ကို ဟောအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ ဂန္ဓဗ္ဗနတ်မျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ— ရဟန်းတို့ အမြစ်နံ့သာ၌ အစိုးရသော နတ်တို့ ရှိကုန်၏၊ အနှစ်နံ့သာ၌ အစိုးရသော နတ်တို့ ရှိကုန်၏၊ အကာနံ့သာ၌ အစိုးရသော နတ်တို့ ရှိကုန်၏၊ အခေါက်နံ့သာ၌ အစိုးရသော နတ်တို့ ရှိကုန်၏၊ အပွေးနံ့သာ၌ အစိုးရသော နတ်တို့ ရှိကုန်၏၊ အရွက်နံ့သာ၌ အစိုးရသောနတ်တို့ ရှိကုန်၏၊ အပွင့်နံ့သာ၌ အစိုးရသော နတ်တို့ ရှိကုန်၏၊ အသီးနံ့သာ၌ အစိုးရသော နတ်တို့ရှိကုန်၏၊ အရည်နံ့သာ၌ အစိုးရသော နတ်တို့ ရှိကုန်၏၊ အနံ့နံ့သာ၌ အစိုးရသော နတ်တို့ ရှိကုန်၏။ ရဟန်းတို့ ဤနတ်တို့ကို ဂန္ဓဗ္ဗနတ်မျိုးတို့”ဟူ၍ ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။