သံယုတ္တနိကာယ်—၃၄

၁၂—သမာပတ္တိမူလကဝုဋ္ဌာနသုတ်

၆၇၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဈာန်ရသူတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်ဝင်စားမှု၌သာ လိမ္မာ၏၊ ဈာန်မှထမှု၌ မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်မှ ထမှု၌သာ လိမ္မာ၏၊ ဈာန်ဝင်စားမှု၌ မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်ဝင်စားမှု၌လည်း မလိမ္မာ၊ ဈာန်မှ ထမှု၌လည်း မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်ဝင်စားမှု၌လည်း လိမ္မာ၏၊ ဈာန်မှ ထမှု၌လည်း လိမ္မာ၏။

ရဟန်းတို့ ထိုလေးမျိုးတို့တွင်။ပ။ ဈာန်ရသူသည်။ပ။ အမွန်ဆုံး ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။