သံယုတ္တနိကာယ်—၃၄

၂—သမာဓိမူလကဌိတိသုတ်

၆၆၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဈာန်ရသူတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌ သာ လိမ္မာ၏၊ ဈာန်ကိုတည်တံ့ ရန် (ထားမှု) ၌ မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်ကိုတည်တံ့ရန် (ထားမှု) ၌ သာ လိမ္မာ၏၊ ဈာန်၌ မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သောဈာန်ရသူသည် ဈာန်၌လည်း မလိမ္မာ၊ ဈာန်ကို တည်တံ့ရန် (ထားမှု) ၌လည်း မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌လည်း လိမ္မာ၏၊ ဈာန်ကို တည်တံ့ရန် (ထားမှု) ၌လည်းလိမ္မာ၏။

ရဟန်းတို့ ထိုလေးမျိုးတို့တွင် ဈာန်၌လည်း လိမ္မာ၊ ဈာန်ကို တည်တံ့ရန် (ထားမှု) ၌လည်း လိမ္မာသူသည် အထက်ဆုံး ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ အကြီးဆုံး ဖြစ်၏၊ အလွန်ဆုံး ဖြစ်၏၊ အမွန်ဆုံးဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား နွားမထက် နို့ကို နို့ထက် နို့ဓမ်းကို နို့ဓမ်းထက် ဆီဦးကို ဆီဦး ထက်ထောပတ်ကို ထောပတ်ထက် ထောပတ်ကြည်ကို အမြတ်ဆုံး ဖြစ်၏ဟု ဆိုရသကဲ့သို့ ဤအတူ ဤလေးမျိုးတို့တွင် ဈာန်၌လည်း လိမ္မာ၊ ဈာန်ကို တည်တံ့ရန် (ထားမှု) ၌လည်း လိမ္မာသူသည် အထက်ဆုံးဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ အကြီးဆုံး ဖြစ်၏၊ အလွန်ဆုံး ဖြစ်၏၊ အမွန်ဆုံး ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။