သံယုတ္တနိကာယ်—၃၅

၁—အနိစ္စဝဂ်

၁—အဇ္ဈတ္တာနိစ္စသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည်မြတ်စွာ ဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ မျက်စိသည် မမြဲ၊ မမြဲသော မျက်စိသည် ဆင်းရဲ၏၊ ဆင်းရဲသော မျက်စိသည်ကိုယ် ‘အတ္တ’မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါမဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုရမည်။ နားသည် မမြဲ၊ မမြဲသော နားသည်။ပ။ နှာခေါင်းသည် မမြဲ၊ မမြဲသော နှာခေါင်းသည်။ပ။ လျှာသည် မမြဲ၊ မမြဲသော လျှာသည် ဆင်းရဲ၏၊ ဆင်းရဲသော လျှာသည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’မဟုတ်သော လျှာကို “ ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ကိုယ်’အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ကိုယ်သည် မမြဲ၊ မမြဲသောကိုယ်သည်။ပ။ စိတ်သည် မမြဲ၊ မမြဲသော စိတ်သည် ဆင်းရဲ၏၊ ဆင်းရဲသော စိတ်သည်ကိုယ်’အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါမဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုရမည်။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ နား၌လည်း ငြီးငွေ့၏၊ နှာခေါင်း၌လည်း ငြီးငွေ့၏၊ လျှာ၌လည်း ငြီးငွေ့၏၊ကိုယ်၌လည်း ငြီးငွေ့၏၊ စိတ် ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းသောကြောင့် (ကိလေသာမှ) လွတ် မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။