သံယုတ္တနိကာယ်—၃၅

(၁၂) ၂—လောကကာမဂုဏဝဂ်

၇—သာရိပုတ္တသဒ္ဓိဝိဟာရိကသုတ်

၁၂ဝ။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတစ်ပါးသည် အသျှင်သာရိပုတြာထံသို့ချဉ်း ကပ်၍ အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် အသျှင်သာရိပုတြာအား ဤစကားကို လျှောက်၏— “ငါ့သျှင်သာရိပုတြာ (သင်၏) အတူနေ တပည့်ရဟန်းသည် ကျင့်ဝတ်သိက္ခာကို ပယ်စွန့်၍ ယုတ်သော (လူ့) ဘောင်သို့ပြန်လည်လေ၏”ဟု ဆို၏။

ငါ့သျှင် ဣန္ဒြေတို့၌ မလုံခြုံသော တံခါးရှိသည်ဖြစ်၍ အစားအစာ၌ ပမာဏကို မသိဘဲ နိုးကြားမှု၌ အားမထုတ်သော သူအား ဤအတိုင်းပင် ဖြစ်တတ်၏။ ငါ့သျှင် ဣန္ဒြေတို့၌ မလုံခြုံသောတံခါးရှိသည်ဖြစ်၍ အစားအစာ၌ ပမာဏကို မသိဘဲ နိုးကြားမှု၌ အားမထုတ်သော ထိုရဟန်းအားအသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ အကျင့်မြတ်ကို အားထုတ်နိုင်လတ္တံ့ဟူသော ဤအကြောင်းသည်မရှိ။ ငါ့သျှင် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသည်ဖြစ်၍ အစားအစာ၌ ပမာဏကို သိလျက် နိုးကြားမှု၌ အားထုတ်သော ထိုရဟန်း အားသာ အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ အကျင့်မြတ်ကိုအားထုတ်နိုင်လတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။

ငါ့သျှင် အဘယ်သို့လျှင် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသူ ဖြစ်သနည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ကို မြင်သော် (မိန်းမယောကျာ်းစသော) သဏ္ဍန်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ။ (အကယ်၍ ) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်း ကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သောအကုသိုလ်တရား တို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) စက္ခုန္ဒြေကို စောင့် စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ရောက်၏။

နားဖြင့် အသံ’သဒ္ဒါရုံ’ကို ကြားသော်။ နှာခေါင်းဖြင့် အနံ့’ဂန္ဓာရုံ’ကို နမ်းရှူသော်။ လျှာဖြင့် အရသာ’ရသာရုံ ‘ကို လျက်သော်။ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ကို တွေ့ထိသော်။ စိတ်ဖြင့် သဘောတရား’ဓမ္မာရုံ’ကို သိသော် (မိန်းမယောကျာ်းစသော) သဏ္ဍန်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ။ (အကယ်၍ ) မနိန္ဒြေကိုမစောင့် စည်းဘဲ နေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း’အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုမစောင့်စည်းသူကို လိုက် ၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) မနိန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့် စည်း၏၊ မနိန္ဒြေကို စောင့်စည်းခြင်းသို့ ရောက်၏။ ငါ့သျှင် ဤသို့လျှင် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသူ ဖြစ်၏။

ငါ့သျှင် အဘယ်သို့လျှင် အစားအစာ၌ အတိုင်းအရှည်ပမာဏကို သိသူ ဖြစ်သနည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် အသင့်အားဖြင့် ပညာဖြင့် ဆင်ခြင်၍ အစားအစာကို မှီဝဲ၏၊ မြူးတူးရန်မာန်ယစ်ရန် တန်ဆာဆင်ရန် အရေအဆင်း ဖွံ့ဖြိုးတိုးပွားရန် ဆွမ်းကို မှီဝဲသည် မဟုတ်၊ ဤကိုယ် တည်တံ့ရန်မျှသာ မျှတရန်မျှသာ ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်မျှသာ မြတ်သော အကျင့်ကို ချီးမြှောက်ရန်မျှသာအစားအစာကို မှီဝဲ၏၊ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်းမဖြစ်စေအံ့၊ ငါ့အား မျှတခြင်း အပြစ်မရှိခြင်းနှင့် ချမ်းသာစွာ နေရခြင်း ဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ အစားအစာကို မှီဝဲ၏၊ ငါ့သျှင် ဤသို့လျှင် အစားအစာ၌ အတိုင်းအရှည်ပမာဏကို သိသူ ဖြစ်၏။

ငါ့သျှင် အဘယ်သို့လျှင် နိုးကြားမှု၌ အားထုတ်သူ ဖြစ်သနည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် နေ့အခါ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ပိတ်ဆို့တတ်သော တရားတို့မှ စိတ်ကို သန့်ရှင်းစေ၏။ ညဉ့်၏ ပဌမယာမ်၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ပိတ်ဆို့တတ်သော တရားတို့မှ စိတ်ကိုသန့်ရှင်း စေ၏။ ညဉ့်၏ မဇ္ဈိမယာမ်၌ ခြေတစ်ဖက်၌ ခြေတစ်ဖက်ကို စဉ်းငယ်လွန်ကာ တင်ထား၍ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံသည်ဖြစ်၍ ထအံ့ဟူသော အမှတ်ကိုနှလုံးသွင်းလျက် လက်ယာ နံတောင်းဖြင့် မြတ်သော အိပ်ခြင်းကို ပြု၏။ ညဉ့်၏ ပစ္ဆိမယာမ်၌ အိပ်ရာမှထပြီးသော် စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ပိတ်ဆို့တတ်သော တရားတို့မှ စိတ်ကို သန့်ရှင်းစေ၏။ ငါ့သျှင် ဤသို့လျှင် နိုးကြားမှု၌ အားထုတ်သူ ဖြစ်၏။

ငါ့သျှင် ထိုသို့ဖြစ်သောကြောင့် “ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသည် ဖြစ်ကုန်အံ့၊ အစားအစာ၌ အတိုင်းအရှည်ပမာဏကို သိကုန်အံ့၊ နိုးကြားမှု၌ အားထုတ်ကုန်အံ့”ဟု ဤသို့ ကျင့်အပ်၏။ ငါ့သျှင်သင်သည် ဤသို့သာ ကျင့်အပ်၏ဟု (မိန့်ဆို၏)။

သတ္တမသုတ်။