သံယုတ္တနိကာယ်—၃၅
(၁၂) ၂—လောကကာမဂုဏဝဂ်
၈—ရာဟုလောဝါဒသုတ်
၁၂၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဆိတ်ငြိမ်ရာအရပ်၌ တစ်ပါးတည်း ကိန်းအောင်းနေတော်မူသော မြတ်စွာဘုရားအား— “ရာဟုလာအား (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်)ကိုရင့်ကျက်စေနိုင်သော တရားတို့သည် ရင့်ကျက်ကုန်ပြီ၊ ငါသည် ရာဟုလာကို ထို့ထက်အလွန် အာသဝေါတရား ကုန်ခြင်း၌ ဆုံးမရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထို့နောက် မြတ်စွာဘုရားသည်နံနက်အခါ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ဆွမ်းအလို့ငှါ လှည့်လည် တော်မူ၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါတော်မူပြီးလျှင်အသျှင်ရာဟုလာကို “ရာဟုလာ နိသီဒိုင် အခင်းကို ယူလော့၊ အန္ဓဝန်တောအုပ်သို့ နေ့သန့်စင်ရန်ချဉ်းကပ်ကုန်အံ့”ဟု မိန့်တော်မူ၏။ “ကောင်း ပါပြီ အသျှင်ဘုရား”ဟု အသျှင်ရာဟုလာသည်မြတ်စွာဘုရားအား ပြန်လျှောက်၍ နိသီဒိုင်အခင်းကို ယူပြီး လျှင် မြတ်စွာဘုရားသို့ နောက်မှ နောက်မှထက်ကြပ်မကွာ လိုက်လေ၏။
ထိုအခါ အထောင်မက များစွာသော နတ်တို့သည် “ယနေ့ မြတ်စွာဘုရားသည် အသျှင်ရာဟုလာကိုအထက်ဖြစ်သော အာသဝေါတရား ကုန်ခြင်း၌ ဆုံးမလတ္တံ့”ဟု မြတ်စွာဘုရားနောက်သို့ ထက်ကြပ်မကွာလိုက်ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားသည် အန္ဓဝန်တောအုပ်သို့ ဝင်တော်မူ၍ တစ်ခုသော သစ်ပင်ရင်းဝယ် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။ အသျှင်ရာဟုလာသည်လည်း မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်ရာဟုလာအားမြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
“ရာဟုလာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည်ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ အဆင်းအာရုံတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲပါကုန် အသျှင်ဘုရား။ စက္ခုဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ စက္ခုသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု ‘သင်္ခါရ’၊ သိမှု ‘ဝိညာဏ်’သည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော အရာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော အရာကို “ ဤအရာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤအရာသည် ငါ ဖြစ်၏၊ ဤအရာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ပ။
လျှာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဇိဝှါဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဇိဝှါသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု’သင်္ခါရ’၊ သိမှု ‘ဝိညာဏ်’သည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော အရာ့သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော အရာကို “ ဤအရာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤအရာသည် ငါ ဖြစ်၏၊ ဤအရာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ပ။
စိတ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော စိတ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စိတ်ကို” ဤစိတ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟုရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ သဘောတရားတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲပါကုန် အသျှင်ဘုရား။ပ။ မနောဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ မနောသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု ‘သင်္ခါရ’၊ သိမှု ‘ဝိညာဏ်’သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော အရာသည်ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသောဖောက်ပြန်ခြင်းသဘောရှိသော အရာကို “ ဤအရာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤအရာသည် ငါ ဖြစ်၏၊ ဤအရာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။
ရာဟုလာ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းအာရုံတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု ‘သင်္ခါရ’၊ သိမှု ‘ဝိညာဏ်’ ၌လည်း ငြီးငွေ့၏။ပ။
လျှာ၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏၊ ဇိဝှါဝိညာဏ်၌လည်း ငြီးငွေ့၏၊ ဇိဝှါသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု ‘သင်္ခါရ’၊ သိမှု ‘ဝိညာဏ်’ ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရား တို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်းငြီးငွေ့၏၊ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ ပြုပြင်မှု ‘သင်္ခါရ’၊ သိမှု ‘ဝိညာဏ်’ ၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှု ‘တဏှာ’ကင်း၏။ စွဲမက်မှု ‘တဏှာ’ ကင်းခြင်း ကြောင့် ကိလေသာမှ လွတ်မြောက်၏။ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက် ပြီ “ဟု အသိဉာဏ် ဖြစ်၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ “ဟု သိ၏။
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ အသျှင်ရာဟုလာသည် အလွန်နှစ်သက်ဝမ်းမြောက်လေ၏။ ဤတရားဒေသနာတော်ကို ဟောနေဆဲ အခါ၌ အသျှင်ရာဟုလာ၏ စိတ်သည် အဘယ်အရာကိုမျှမစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်၏၊ အထောင်မက များစွာသော နတ်တို့အားလည်း”ဖြစ် ခြင်းသဘောရှိသော အရာမှန်သမျှသည် ချုပ်ခြင်းသဘောရှိ၏ “ဟု ကိလေသာမြူအညစ်အကြေးကင်းသော တရားမျက်စိ (သောတာပတ္တိမဂ်ဉာဏ်)သည် ထင်ရှားဖြစ်လေ၏။
အဋ္ဌမသုတ်။