သံယုတ္တနိကာယ်—၃၅

(၁၃) ၃—ဂဟပတိဝဂ်

၄—ဘာရဒွါဇသုတ်

၁၂၇။ အခါတစ်ပါး၌ အသျှင်ပိဏ္ဍောလဘာရဒွါဇသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဥဒေနမင်းသည် အသျှင်ပိဏ္ဍောလဘာရဒွါဇထံသို့ ချဉ်းကပ်၍ အသျှင် ပိဏ္ဍောလဘာရဒွါဇနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ ပြီးသော် အသျှင်ပိဏ္ဍောလဘာရဒွါဇအား ဤစကားကို လျှောက်ထား၏— “အသျှင်ဘာရဒွါဇ ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက် ကောင်းသော အရွယ်နှင့်ပြည့်စုံကုန်လျက် ပဌမ အရွယ်နှင့် ပြည့်စုံကုန်လျက် ကာမဂုဏ်တို့၌ မပျော်မြူးကြဖူးကုန်ဘဲလျက်အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ အကျင့်မြတ်ကို ကျင့်ကုန်၍ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သောအကြောင်းအထောက်အပံ့ ကား အဘယ်ပါနည်း”ဟု လျှောက်၏။

မင်းမြတ် သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် “ရဟန်းတို့ လာကြကုန်လော့၊ သင်တို့သည် အမိအရွယ်ရှိသူတို့၌ အမိဟူသော စိတ်ကို ထားကြကုန်လော့၊ နှမအရွယ်ရှိသူ တို့၌ နှမဟူသော စိတ်ကို ထားကြကုန်လော့၊ သမီးအရွယ်ရှိသူတို့၌ သမီးဟူသော စိတ်ကိုထားကြကုန်လော့”ဟူသော ဤစကားကို ဟောတော်မူ၏။ မင်းမြတ် ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည်မည်းနက်သော ဆံပင်ရှိကုန်လျက် ကောင်းသော အရွယ်နှင့် ပြည့်စုံကုန်လျက် ပဌမအရွယ်နှင့် ပြည့်စုံကုန်လျက် ကာမဂုဏ်တို့၌ မပျော်မြူး ကြဖူးကုန်ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ အကျင့်မြတ်ကို ကျင့်ကုန်၍ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်ဆို၏)။

အသျှင်ဘာရဒွါဇ စိတ်ဟူသည် လော်လည်ဖောက်ပြားတတ်၏၊ တစ်ခါတစ်ရံ အမိအရွယ်ရှိသူတို့၌ သော်လည်း တပ်မက်မှုတရားတို့သည် ဖြစ်တတ်ကုန်၏၊ နှမအရွယ်ရှိသူတို့၌ သော်လည်း တပ်မက်မှုတရား့တို့သည် ဖြစ်တတ်ကုန်၏၊ သမီးအရွယ်ရှိသူတို့၌ သော်လည်း တပ်မက်မှုတရားတို့သည် ဖြစ်တတ်ကုန်၏၊ အသျှင်ဘာရဒွါဇ ဤပျိုမျစ်နုနယ်သော ရဟန်းတို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက်။ပ။ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သော တစ်ပါးသော အကြောင်းအထောက်အပံ့သည်လည်း ရှိပါသေးသလောဟု (လျှောက်၏)။

မင်းမြတ် သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် “ရဟန်းတို့ လာကြကုန်လော့၊ သင်တို့သည် ခြေဖဝါးမှ အထက် ဆံဖျားမှ အောက်ဖြစ်သော အရေအပိုင်းအခြားရှိသော မစင်ကြယ်သော ဝတ္ထုအမျိုးမျိုးတို့ဖြင့် ပြည့်သော ဤခန္ဓာကိုယ်ကိုသာလျှင် ဆင်ခြင်ကြကုန်လော့။ ဤခန္ဓာကိုယ်၌ ဆံပင်,အမွေး, ခြေသည်း လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းချင်ဆီ, အညှို့၊ နှလုံး,အသည်း, အမြှေး, အဖျဉ်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်, အစာဟောင်း၊သည်းခြေ, သလိပ်,ပြည်, သွေး, ချွေး, အဆီခဲ၊ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်ဟူ၍ ရှိ၏၊ ဤသို့ရှုဆင်ခြင်ကြကုန် လော့” ဟူသော ဤစကားကို ဟောကြားတော်မူအပ်၏။ မင်းမြတ် ပျိုမျစ်နုနယ်ရဟန်းငယ်တို့သည် မည်း နက်သော ဆံပင်ရှိကုန်လျက်။ပ။ အစဉ်အဆက်ကိုလည်း ပြီးစေကုန်သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။

အသျှင်ဘာရဒွါဇ ပွါးအပ်ပြီးသော ခန္ဓာကိုယ်, ပွါးအပ်ပြီးသော ကိုယ်ကျင့်တရား, ပွါးအပ်ပြီးသော စိတ်,ပွါးအပ်ပြီးသော ပညာရှိကုန်သော ရဟန်းတို့အား ထိုအမှုသည် ပြုလွယ်ပါ၏။ အသျှင်ဘာရဒွါဇမပွားအပ်သေးသော ခန္ဓာကိုယ်, မပွားအပ်သေးသော ကိုယ်ကျင့်တရား, မပွားအပ်သေးသော စိတ်, မပွားအပ်သေးသော ပညာရှိကုန်သော ရဟန်းတို့အားကား ထိုအမှုသည် ခဲယဉ်း၏။ အသျှင်ဘာရဒွါဇ တစ်ရံတစ်ခါ အသုဘဟု နှလုံးသွင်းမည် ကြံသော်လည်း သုဘအားဖြင့်သာ ရောက်လာ၏။ အသျှင်ဘာရဒွါဇ ဤ ပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သော ဆံပင်ရှိကုန်လျက်။ပ။ အစဉ်အဆက်ကိုလည်းပြီးစေ ကုန်သော တစ်ပါးသော အကြောင်းအထောက်အပံ့သည် ရှိပါသေးသလောဟု (လျှောက်၏)။

မင်းမြတ် သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် “ရဟန်းတို့ လာကြကုန်လော့၊ သင်တို့သည် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိလျက် နေကြကုန်လော့၊ စက္ခုဝိညာဏ်ဖြင့် အဆင်း’ရူပါရုံ’ကို မြင်သော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို မမှတ်ယူကြကုန်လင့်၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို မမှတ်ယူကြကုန်လင့်၊ စက္ခုန္ဒြေကို မစောင့်စည်းဘဲ နေသော ထိုရဟန်းအား မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါကျင့်ကြကုန် လော့၊ စက္ခုန္ဒြေကို စောင့်စည်းကြကုန်လော့၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ရောက်ကြကုန်လော့။

နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းရှူသော်။ လျှာဖြင့်အရသာ ‘ရသာရုံ’ကို လျက်သော်။ ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသော်။ စိတ်ဖြင့်သဘော တရား ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို မမှတ်ယူကြကုန်လင့်၊ (လက်ခြေ စသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို မမှတ်ယူကြကုန်လင့်၊ မနိန္ဒြေကို မစောင့်စည်းဘဲ နေသော ထိုရဟန်းအား မက်မောခြင်း ‘ အဘိဇ္ဈာ ‘နှလုံးမသာခြင်း ‘ ဒေါမနဿ ‘ ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် လိုက်၍ နှိပ်စက်ကုန်ရာ၏။

ထို့ကြောင့် ထိုမနိန္ဒြေကို စောင့်စည်း ခြင်းငှါ ကျင့်ကြကုန်လော့၊ မနိန္ဒြေကို စောင့်စည်းကြကုန်လော့၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်ကြ ကုန်လော့”။ မင်းမြတ် ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည့်မည်းနက်သော ဆံပင်ရှိကုန်လျက် ကောင်း သော အရွယ်နှင့် ပြည့်စုံကုန်လျက် ပဌမအရွယ်နှင့်ပြည့်စုံကုန်လျက် ကာမဂုဏ်တို့၌ မပျော်မြူးကြဖူးကုန် ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာအကျင့်မြတ်ကို ကျင့်ကုန်၍ အစဉ်အဆက်ကိုလည်း ပြီးစေ ကုန်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘာရဒွါဇ အံ့သြဖွယ်ရှိပေစွ၊ အသျှင်ဘာရဒွါဇ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ။ အသျှင်ဘာရဒွါဇ သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤစကားတော်ကို အလွန်ပင် ကောင်းစွာဟောတော်မူအပ်ပါပေ၏။ အသျှင်ဘာရဒွါဇ ဤပျိုမျစ်နုနယ် ရဟန်းငယ်တို့သည် မည်းနက်သောဆံပင်ရှိကုန်လျက် ကောင်းသော အရွယ်နှင့် ပြည့်စုံကုန်လျက် ပဌမအရွယ်နှင့် ပြည့်စုံကုန်လျက်ကာမဂုဏ်တို့၌ မပျော်မြူးကြဖူးကုန်ဘဲလျက် အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ အကျင့်မြတ်ကိုကျင့်ကုန်သော အစဉ်အဆက်ကိုလည်း ပြီးစေကုန် သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။

အသျှင်ဘာရဒွါဇ တပည့်တော်သည်လည်း မစောင့်ထိန်းအပ်သော ကိုယ်ဖြင့် မစောင့်ထိန်းအပ်သောနှုတ်ဖြင့် မစောင့်ထိန်းအပ်သော စိတ်ဖြင့် မထင်စေအပ်သော သတိဖြင့် မစောင့်စည်းအပ်သော ဣန္ဒြေတို့ဖြင့် (နန်းတော်တွင်းသို့) ဝင်သောအခါ တပည့်တော်ကို တပ်မက်မှုတရားတို့သည်အလွန်နှိပ်စက်ပါကုန်၏။ အသျှင်ဘာရဒွါဇ တပည့်တော်သည် စောင့်ထိန်းအပ်သော ကိုယ်ဖြင့်စောင့်ထိန်းအပ်သော နှုတ်ဖြင့် စောင့် ထိန်းအပ်သော စိတ်ဖြင့် ထင်စေအပ်သော သတိဖြင့်စောင့်စည်းအပ်သော ဣန္ဒြေတို့ဖြင့် (နန်းတော်တွင်း သို့) ဝင်သောအခါ တပည့်တော်ကိုတပ်မက်မှုတရားတို့သည် ထိုကဲ့သို့ မနှိပ်စက်ပါကုန်။

အသျှင်ဘာရဒွါဇ အလွန်နှစ်သက်ဖွယ်ရှိပေစွ၊ အသျှင်ဘာရဒွါဇ အလွန်နှစ်သက်ဖွယ်ရှိပေစွ။ အသျှင်ဘာရဒွါဇ မှောက်ထားသော ဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးထားအပ်သော ဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဘာရဒွါဇသည် အကြောင်းအမျိုးမျိုးဖြင့် တရားကို ပြတော်မူအပ်ပါ၏။

အသျှင်ဘာရဒွါဇ အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကိုလည်းကောင်း၊ တရားကိုလည်းကောင်း၊ ရဟန်းသံဃာ ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဘာရဒွါဇသည် အကျွန်ုပ်ကိုယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။

စတုတ္ထသုတ်။