သံယုတ္တနိကာယ်—၃၅

(၁၃) ၃—ဂဟပတိဝဂ်

၉—လောဟိစ္စသုတ်

၁၃၂။ အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် အဝန္တိတိုင်း မက္ကရကတမြို့ဝယ် တောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ လောဟိစ္စပုဏ္ဏား၏ များစွာကုန်သော ထင်းခွေသမား တပည့်လုလင်တို့သည် အသျှင်မဟာကစ္စည်း၏ တောကျောင်းသို့ ချဉ်းကပ်ကြကုန်၍ ကျောင်း၏ ပတ်ဝန်းကျင်၌ ခေါက်တုံ့ ခေါက်ပြန် စင်္ကြံလျှောက်ကြကုန်၏၊ လှည့်ပတ်ကြကုန်၏၊ အချို့အချို့သော သူတို့သည်ကျယ်လောင်ဆူညံ သော အသံရှိကြကုန်သည် ဖြစ်၍ အချင်းချင်း ခုန်ကျော်ပြေးလွှားသောကစားမျိုးတို့ကို ပြုလုပ်ကြကုန်၏၊ “ ဤသူတို့ကား ဦးပြည်းရဟန်းညံ့တို့ ဖြစ်ကုန်၏၊ ဇာတ်နိမ့်တို့ဖြစ်ကုန်၏၊ မည်းညစ်ကုန်၏၊ ဗြဟ္မာ၏ ခြေဖမိုးမှ ပေါက်ဖွားကုန်၏။ ဤဇာတ်နိမ့်ရဟန်းညံ့တို့အား (လူတို့သည်) အရိုအသေပြုကြကုန်၏၊ အလေး ပြုကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏၊ တုပ်ဝပ်ကြကုန်၏ “ဟု (ပြောဆိုကြကုန်၏)။

ထိုအခါ အသျှင်မဟာကစ္စည်းသည် ကျောင်းမှ ထွက်၍ ထိုလုလင်တို့ကို “လုလင်တို့ အသံ မပြုကြကုန်လင့်၊ ငါသည် သင်တို့အား တရားကို ဟောအံ့”ဟု ဤစကားကို ဆိုလေ၏။ ဤသို့ဆိုသော် ထိုလုလင်တို့သည် ဆိတ်ဆိတ် နေကုန်၏၊ ထိုအခါ အသျှင်မဟာကစ္စည်းသည် ထိုလုလင်တို့ကို ဂါထာတို့ဖြင့်ဟောပြလေ၏—

“ရှေးပုဏ္ဏားတို့၏ ကျင့်ဝတ်ကို အောက်မေ့ကုန်သော ရှေး၌ ဖြစ်ကုန်သော ပုဏ္ဏား တို့သည်သီလကိုသာလျှင် အမြတ်ထားကုန်၏၊ ထိုပုဏ္ဏားတို့သည် အမျက်ဒေါသကို ဖိနှိပ်၍ ပိတ်ဆို့အပ်သောတံခါးတို့ကို ကောင်းစွာ စောင့်ရှောက်ကြကုန်၏။

ရှေးပုဏ္ဏားတို့၏ ကျင့်ဝတ်ကို အောက်မေ့ကုန်သော ပုဏ္ဏားတို့သည် ကုသိုလ် တရား၌လည်းကောင်း၊ ဈာန်တရား၌လည်းကောင်း မွေ့လျော်ပျော်ပိုက်ကြကုန်၏။ ဤ (ယခုကာလ) ပုဏ္ဏားတို့သည်ကား (ထိုတရားတို့မှ) ဖဲထွက်ကြကုန်ပြီးလျှင် (ငါတို့သည်) ဗေဒင်ကို ရွတ်တတ်ကုန်၏ဟုအမျိုးအနွယ်အားဖြင့် မာန်ယစ်ကြကုန်လျက် မညီမျှမသင့်တင့်သော အမှုကို ပြုကျင့်ကြကုန်၏၊ ဤပုဏ္ဏားတို့သည် အမျက်ဒေါသ နှိပ်စက်အပ်ကုန်သည် ဖြစ်၍ အထူးထူးအပြားပြားသော တုတ်တို့ကိုစွဲကိုင်ကုန် လျက် တဏှာရှိသူ တဏှာမဲ့သူတို့၌ ဆန့်ကျင်ကြကုန်၏။

(ဣန္ဒြေတို့၌ ) လုံခြုံသော တံခါး မရှိသူအား “အိပ်မက်၌ ရသော ယောကျာ်း၏ ဥစ္စာတို့ကဲ့သို့”အလုံးစုံသော အကျင့်တို့သည် အချည်းနှီးသာ ဖြစ်ကုန်၏။ အစာ မစားခြင်းလည်းကောင်း၊ မြက်စိမ်းခင်းသော မြေ၌ အိပ်ခြင်းလည်းကောင်း၊ နံနက် စောစော ရေချိုးခြင်းလည်းကောင်း၊ ဗေဒင်သုံးပုံသင်ခြင်းလည်းကောင်း။

ကြမ်းထမ်းသော သစ်နက်ရေရှိခြင်းလည်းကောင်း၊ ဆံကျစ်ရှိခြင်းလည်းကောင်း၊ သွားချေးရှိခြင်းလည်းကောင်း၊ မန္တာန်ရွတ်ခြင်းလည်းကောင်း၊ နွား၏ အလေ့ နွား၏ အကျင့်ဖြစ်သောပုဏ္ဏားအကျင့်လည်းကောင်း၊ အပြစ်ကို ဖုံးကွယ်ခြင်းလည်းကောင်း၊ ကောက်ကွေးသော တုတ်ကိုကိုင်ခြင်းလည်းကောင်း၊ ရေဖြင့် မျက်နှာကို ဆေးခြင်းလည်းကောင်း ဤအကျင့်တို့သည် အာမိသဘဏ္ဍာတိုးပွားခြင်းငှါ ပြုအပ်သော ဘဏ္ဍာတို့၏ ဂုဏ်တို့တည်း။

(ရှေးဟောင်းပုဏ္ဏားတို့၏) စိတ်သည်ကား ကောင်းစွာ တည်ကြည်၏၊ အလွန် ကြည်လင်၏၊ နောက်ကျုခြင်း ကင်း၏၊ သတ္တဝါအားလုံးတို့၌ ဆူးငြောင့်ဟူ၍ မရှိ၊ (နူးညံ့၏)၊ ထိုအကျင့်သည်မြတ်သောဘုံသို့ ရောက်ခြင်းငှါ လမ်းကြောင်း ဖြစ်၏”ဟု ရွတ်ဆို၏။

ထိုအခါ ထိုလုလင်တို့သည် အမျက်ထွက်ကုန် နှလုံးမသာယာကုန်သည် ဖြစ်၍ လောဟိစ္စပုဏ္ဏား ထံသို့ချဉ်းကပ်လျက် “ဆရာကြီး သိတော်မူပါလော့၊ မဟာကစ္စည်းရဟန်းသည် ပုဏ္ဏားတို့၏ မန္တာန်ကိုတစ်ဖက်သတ် ကဲ့ရဲ့ပါ၏၊ ဆဲရေးတားမြစ်ပါ၏”ဟု ပြောဆိုကုန်၏။ ဤသို့ပြောဆိုကြသော်လောဟိစ္စပုဏ္ဏားသည် အမျက်ထွက်သော်လည်း နှလုံးမသာယာ ဖြစ်သော်လည်း “ငါသည် လုလင်တို့၏စကားကိုသာ ကြား၍ မဟာကစ္စည်းရဟန်းကို ဆဲရေးငြားအံ့၊ ဆန့်ကျင်ငြားအံ့၊ ရေရွတ်ငြားအံ့၊ စင်စစ်မသင့်လျော်၊ ငါသည် မဟာကစ္စည်းထံသို့ ချဉ်းကပ်၍ မေးရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏။

ထို့နောက် လောဟိစ္စပုဏ္ဏားသည် ထိုလုလင်တို့နှင့် အတူ အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်၍ အသျှင်မဟာကစ္စည်းနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ ပြီးသော် အသျှင်မဟာကစ္စည်းအား—“အသျှင်ကစ္စည်း အကျွန်ုပ်တို့၏ များစွာကုန်သောထင်းခွေသမား တပည့်လုလင်တို့သည် ဤအရပ်သို့ လာရောက်ကြပါကုန်သလော”ဟု ဤစကားကို ဆို၏။

ပုဏ္ဏား သင်၏ များစွာကုန်သော ထင်းခွေသမား တပည့်လုလင်တို့သည် ဤအရပ်သို့ရောက်လာကုန်၏ဟု မိန့်တော်မူ၏၊ အသျှင်ကစ္စည်းသည် ထိုလုလင်တို့နှင့် အတူ တစ်စုံတစ်ရာစကားပြောဆိုမှု ဖြစ်ပါသလော။ ပုဏ္ဏား ငါသည် ထိုလုလင်တို့နှင့် အတူ စကားပြောဆိုမှု ဖြစ်၏။

အသျှင်ကစ္စည်းသည် ထိုလုလင်တို့နှင့် အတူ အဘယ်သို့ စကားပြောဆိုမှု ဖြစ်ပါသနည်း၊ ပုဏ္ဏား ငါသည်ထိုလုလင်တို့နှင့် အတူ ဤသို့ စကား ပြောဆိုမှု ဖြစ်၏—

ရှေးပုဏ္ဏားတို့၏ ကျင့်ဝတ်ကို အောက်မေ့ကုန်သော ရှေး၌ ဖြစ်ကုန်သော ပုဏ္ဏားတို့သည်သီလကိုသာလျှင် အမြတ်ထားကုန်၏။ပ။ သတ္တဝါအားလုံးတို့၌ ဆူးငြောင့်ဟူ၍ မရှိ၊ (နူးညံ့၏)၊ ထိုအကျင့်သည် မြတ်သော ဘုံသို့ ရောက်ခြင်းငှါ လမ်းကြောင်း ဖြစ်၏။

ပုဏ္ဏား ငါသည် ထိုလုလင်တို့နှင့် အတူ ဤသို့ စကားပြောဆိုမှု ဖြစ်၏ဟု (မိန့်ဆို၏)။

“ (ဣန္ဒြေတို့၌ ) မလုံခြုံသော တံခါးရှိသူ”ဟု အသျှင်ကစ္စည်း ဆို၏၊ အဘယ်မျှလောက်ဖြင့် မလုံခြုံသော တံခါးရှိသူ ဖြစ်ပါသနည်းဟု လျှောက်၏။

ပုဏ္ဏား ဤလောက၌ တစ်စုံတစ်ယောက်သော သူသည် မျက်စိဖြင့် အဆင်းကို မြင်သော် ချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ တပ်မက်၏၊ မချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ အမျက်ထွက်၏၊ မထင်သော သတိရှိရကား ကျဉ်းမြောင်းသော စိတ်ရှိသည် ဖြစ်၍ နေ၏၊ ထိုသူအား အကြင်ဝိမုတ္တိတရား၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ ထိုကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သောအရဟတ္တဖိုလ်ပညာ ကိုဟုတ်တိုင်းမှန်စွာ မသိ။

နားဖြင့် အသံကို ကြားသော်။ နှာခေါင်းဖြင့် အနံ့ကို နမ်းရှူသော်။ လျှာဖြင့် အရသာကို လျက် သော်။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော်။ စိတ်ဖြင့် သဘောတရားကို သိသော် ချစ်ခင်ဖွယ်သဘောရှိသောသဘောတရား၌ တပ်မက်၏၊ မချစ်ခင်ဖွယ်သဘောရှိသော သဘောတရား၌ အမျက်ထွက်၏၊ မထင်သောသတိရှိရကား ကျဉ်းမြောင်းသော စိတ်ရှိသည် ဖြစ်၍ နေ၏၊ ထိုသူအား အကြင်ဝိမုတ္တိတရား၌ ဖြစ်ပြီးဖြစ်ဆဲ ဖြစ်ကုန်သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ ထိုကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သောအရဟတ္တဖိုလ်ပညာ ကိုဟုတ်တိုင်းမှန်စွာ မသိ။ ပုဏ္ဏား ဤသို့လျှင် (ဣန္ဒြေတို့၌ ) မလုံခြုံသောတံခါးရှိသူ ဖြစ်၏ဟု မိန့် တော်မူ၏။

အသျှင်ကစ္စည်း အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ကစ္စည်း မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ကစ္စည်းသည်အမှန်အတိုင်း (ဣန္ဒြေတို့၌ ) မလုံခြုံသော တံခါးရှိသူကိုသာ မလုံခြုံသော တံခါးရှိသူဟု ဆိုအပ်ပါ၏။

အသျှင်ကစ္စည်းသည် “ (ဣန္ဒြေတို့၌ ) လုံခြုံသော တံခါးရှိသူ”ဟု ဆို၏၊ အသျှင်ကစ္စည်း အဘယ်မျှလောက်ဖြင့် (ဣန္ဒြေတို့၌ ) လုံခြုံသော တံခါးရှိသူ ဖြစ်ပါသနည်းဟု လျှောက်၏။

ပုဏ္ဏား ဤလောက၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်သော် ချစ်ခင်ဖွယ်သဘောရှိသောအဆင်း၌ မတပ်မက်၊ မချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ အမျက်မထွက်၊ ထင်သော သတိရှိရကားကျယ်ဝန်းသော စိတ်ရှိသည် ဖြစ်၍ နေ၏၊ ထိုသူအား အကြင်ဝိမုတ္တိတရား၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သောယုတ်ညံ့သော အကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ ထိုကိလေသာမှ လွတ်မြောက်သောအရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုဟုတ်တိုင်းမှန်စွာ သိ၏။

နားဖြင့် အသံကို ကြားသော်။ နှာခေါင်းဖြင့် အနံ့ကို နမ်းရှူသော်။ လျှာဖြင့် အရသာကို လျက်သော်။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော်။ စိတ်ဖြင့် သဘောတရားကို သိသော် ချစ်ခင်ဖွယ်သဘော ရှိသောသဘောတရား၌ မတပ်မက်၊ မချစ်ခင်ဖွယ်သဘောရှိသော သဘောတရား၌ အမျက်မထွက်၊ ထင်သောသတိရှိရကား ကျယ်ဝန်းသော စိတ်ရှိသည် ဖြစ်၍ နေ၏၊ ထိုသူအား အကြင်ဝိမုတ္တိတရား၌ ဖြစ်ပြီး ဖြစ်ဆဲ့ဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ ထိုကိလေသာမှလွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုဟုတ်တိုင်းမှန်စွာ သိ၏။ ပုဏ္ဏား ဤသို့လျှင် (ဣန္ဒြေတို့၌ ) လုံခြုံသော တံခါးရှိသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ကစ္စည်း အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ကစ္စည်း မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ကစ္စည်းသည်အမှန်အတိုင်း (ဣန္ဒြေတို့၌ ) လုံခြုံသော တံခါးရှိသူကိုသာ (ဣန္ဒြေတို့၌ ) လုံခြုံသော တံခါးရှိသူဟု ဆိုအပ်ပါ၏။

အသျှင်ကစ္စည်း နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ကစ္စည်း နှစ်သက်ဖွယ် ရှိပါပေစွ။ အသျှင်ကစ္စည်းမှောက်ထားသောဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသောဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူ အသျှင်ကစ္စည်းသည် အကြောင်းအမျိုးမျိုးဖြင့် တရားကို ပြတော်မူ၏။ အသျှင်ကစ္စည်း ထိုအကျွန်ုပ်သည် ထိုမြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ကစ္စည်းသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ။

အသျှင်ကစ္စည်းသည် မက္ကရကတမြို့ဝယ် ဥပါသကာအမျိုးတို့သို့ ချဉ်းကပ်သကဲ့သို့ ဤအတူလောဟိစ္စအမျိုးသို့လည်း ချဉ်းကပ်တော်မူပါ၊ ထိုအမျိုး၌ အကြင်လုလင်ပျို လုလင်ပျိုမတို့သည် အသျှင်ကစ္စည်းကို ရှိခိုးကြကုန်လတ္တံ့၊ ခရီးဦးကြိုဆိုကုန်လတ္တံ့။ နေရာကိုလည်းကောင်း၊ ရေကိုလည်းကောင်းပေးလှူကြကုန်လတ္တံ့။ ထိုလုလင်ပျို လုလင်ပျိုမတို့အား ထိုရှိခိုးခြင်းစသော အမှုသည် ရှည်မြင့်စွာသောကာလပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

နဝမသုတ်။