သံယုတ္တနိကာယ်—၃၅

(၁၄) ၄—ဒေဝဒဟဝဂ်

၃—ပဌမ ရူပါရာမသုတ်

၁၃၆။ ရဟန်းတို့ နတ်လူတို့သည် အဆင်းလျှင် ပျော်မွေ့ရာရှိကုန်၏၊ အဆင်း၌ ပျော်ပိုက်ကုန်၏၊ အဆင်း၌ ဝမ်းမြောက်ကုန်၏၊ ရဟန်းတို့ နတ်လူတို့သည် အဆင်း၏ ဖောက်ပြန်ခြင်း ကင်းပြတ်ချုပ်ငြိမ်း ခြင်းကြောင့် ဆင်းရဲစွာ နေရကုန်၏။ ရဟန်းတို့ နတ်လူတို့သည် အသံလျှင်ပျော်မွေ့ရာရှိကုန်၏၊ အသံ၌ ပျော်ပိုက်ကုန်၏၊ အသံ၌ ဝမ်းမြောက်ကုန်၏၊ ရဟန်းတို့ နတ်လူတို့သည်အသံ၏ ဖောက်ပြန်ခြင်း ကင်း ပြတ်ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲစွာ နေရကုန်၏။ အနံ့လျှင်ပျော်မွေ့ရာရှိကုန်၏။ အရသာလျှင် ပျော်မွေ့ ရာရှိကုန်၏။ အတွေ့အထိလျှင် ပျော်မွေ့ရာရှိကုန်၏။

ရဟန်းတို့ နတ်လူတို့သည် သဘောတရားလျှင် ပျော်မွေ့ရာရှိကုန်၏၊ သဘောတရား၌ ပျော်ပိုက်ကုန်၏၊ သဘောတရား၌ ဝမ်းမြောက်ကုန်၏၊ ရဟန်းတို့ နတ်လူတို့သည် သဘောတရား၏ ဖောက်ပြန်ခြင်းကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲစွာ နေရကုန်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားသည်ကား အဆင်းတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိသောကြောင့် အဆင်းလျှင် ပျော်မွေ့ရာမရှိ၊ အဆင်း၌ ပျော်ပိုက်ခြင်းမရှိ၊ အဆင်း၌ ဝမ်းမြောက်ခြင်းမရှိ။ ရဟန်းတို့ မြတ်စွာဘုရားသည် အဆင်း၏ဖောက်ပြန်ခြင်း ကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့် ချမ်းသာစွာ နေရ၏။

အသံတို့၏။ အနံ့တို့၏။ အရသာတို့၏။ အတွေ့အထိတို့၏။ သဘောတရားတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာ ကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိသောကြောင့် သဘောတရားလျှင် ပျော်မွေ့ရာမရှိ၊ သဘောတရား၌ ပျော်ပိုက်ခြင်းမရှိ၊ သဘောတရား၌ ဝမ်းမြောက်ခြင်းမရှိ။ ရဟန်းတို့ မြတ်စွာဘုရားသည်သဘောတရား တို့၏ ဖောက်ပြန်ခြင်း ကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့် ချမ်းသာစွာ နေရ၏ဟု (မိန့်တော်မူ၏)။

ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး နောက်လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤဂါထာကို မိန့်တော်မူပြန်၏—

အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော အကြင် မျှလောက်သော အဆင်းအသံ အနံ့ အရသာ အတွေ့အထိ သဘောတရား အားလုံးတို့သည် ရှိကုန်၏ဟု ဆိုအပ်၏။

ထိုအာရုံတို့ကို နတ်နှင့် တကွသော လူအပေါင်းသည် ချမ်းသာ’သုခ’ဟု သမုတ် အပ်ကုန်၏။ ထိုအာရုံတို့ချုပ်ရာကို ထိုနတ်နှင့် တကွသော လူတို့သည် ဆင်းရဲ ‘ဒုက္ခ’ဟု သမုတ်အပ်၏။

အရိယာတို့သည် သက္ကာယချုပ်ခြင်းကို ချမ်းသာဟု မြင်အပ်၏၊ ချမ်းသာဟု မြင် သော ပညာရှိတို့၏ ဤမြင်မှုသည် တလောကလုံးနှင့် ဆန့်ကျင်၏။

သူတစ်ပါးတို့ ချမ်းသာဟု ဆိုအပ်သော အရာကို အရိယာတို့သည် ဆင်းရဲ၏ဟု ဆိုကုန်၏၊ သူတစ်ပါးတို့ဆင်းရဲဟု ဆိုအပ်သော အရာကို အရိယာတို့သည် ချမ်းသာဟု သိကုန်၏။

သိနိုင်ခဲသော တရားကို ရှုစမ်းပါလော့၊ ဤနိဗ္ဗာန်တရား၌ ပညာမဲ့သူတို့သည် တွေဝေကုန်၏၊ ကိလေသာပိတ်ဖုံးအပ်ကုန်သော သူတို့အား အမိုက်တိုက် ဖြစ်နေ၏၊ မမြင်နိုင်သူ ပညာမဲ့သူတို့အားအမိုက်မှောင် ဖြစ်နေ၏။

ပညာရှိကုန်သော သူတော်ကောင်းတို့အား နိဗ္ဗာန်သည် အလင်းရောင်ကဲ့သို့ ပွင့်နေ၏၊ သစ္စာလေးပါးတရား၌ မလိမ္မာကုန်သော သူတို့သည် နိဗ္ဗာန်တရားကို မသိနိုင်ကုန်။

ဘဝတို့၌ စွဲမက်သော တဏှာသည် နှိပ်စက်အပ်ကုန်သော ဘဝတို့၌ စွဲမက် သော တဏှာသို့အစဉ်လိုက်ကုန်သော မာရ်၏ နိုင်ငံသို့ ရောက်ကုန်သော သူတို့သည် ဤတရားကို အလွယ်တကူမသိနိုင်ကုန်။

အရိယာပုဂ္ဂိုလ်တို့ကို ချန်ထား၍ အဘယ်သူသည် နိဗ္ဗာန်ကို ကောင်းစွာ သိခြင်း ငှါ ထိုက်ပါအံ့နည်း၊ အရိယာတို့သည် ယင်းနိဗ္ဗာန်ကို ကောင်းစွာ သိ၍ အာသဝေါ ကင်းကုန်လျက် ပရိနိဗ္ဗာန်ပြုကုန်၏။

တတိယသုတ်။