သံယုတ္တနိကာယ်—၃၅

(၁၅) ၅—နဝပုရာဏဝဂ်

၁—ကမ္မနိရောဓသုတ်

၁၄၆။ ရဟန်းတို့ အသစ်, အဟောင်းဖြစ်သော ကံတို့ကိုလည်းကောင်း၊ ကံ၏ ချုပ်ရာကိုလည်း ကောင်း၊ ကံ၏ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုလည်းကောင်း ဟောပေအံ့။ ထိုတရားကို နာကြကုန် လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့။

ရဟန်းတို့ အဘယ်သည် ကံဟောင်းမည်သနည်း။ ရဟန်းတို့ မျက်စိသည် ကံဟောင်းမည်၏၊ ပြုပြင်အပ်၏၊ စီမံအပ်၏၊ ခံစားမှု၏ အကြောင်းဟု ရှုရမည်။ပ။ လျှာသည် ကံဟောင်းမည်၏၊ ပြုပြင်အပ်၏၊ စီမံအပ်၏၊ ခံစားမှု၏ အကြောင်းဟု ရှုရမည်။ပ။ စိတ်သည် ကံဟောင်းမည်၏၊ ပြုပြင်အပ်၏၊ စီမံအပ်၏၊ ခံစားမှု၏ အကြောင်းဟု ရှုရမည်။ ရဟန်းတို့ ဤ (အလုံးစုံ)ကို ကံဟောင်းဟု ဆိုအပ်၏။

ရဟန်းတို့ အဘယ်သည် ကံသစ်မည်သနည်း။ ရဟန်းတို့ ယခု ‘ပစ္စုပ္ပန်’ အခါ၌ အကြင် (တစ်စုံတစ်ရာ) အမှုကိုကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ပြု၏။ ရဟန်းတို့ကိုယ်နှုတ်စိတ်ဖြင့် ယခု ပြုအပ်သော ဤအမှုကို ကံသစ်ဟု ဆိုအပ်၏။

ရဟန်းတို့ အဘယ်သည် ကံ၏ ချုပ်ရာမည်သနည်း။ ရဟန်းတို့ အကြင်နိဗ္ဗာန်သည် ကာယကံ ဝစီကံမနောကံ၏ ချုပ်ခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်မှု အရဟတ္တဖိုလ်သို့ အာရုံ၏ အဖြစ်ဖြင့်ရောက်၏။ ရဟန်းတို့ ဤနိဗ္ဗာန်ကို ကံ၏ ချုပ်ရာဟု ဆိုအပ်၏၊

ရဟန်းတို့ အဘယ်သည် ကံ၏ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်မည်သနည်း။ အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာ မြင်ခြင်း၊ မှန်ကန်စွာ ကြြဲံခင်း၊ မှန်ကန်စွာ ဆိုခြင်း၊ မှန်ကန်စွာ ပြုလုပ်ခြင်း၊ မှန်ကန်စွာ အသက်မွေးခြင်း၊ မှန်ကန်စွာ အားထုတ်ခြင်း၊ မှန်ကန်စွာ အောက်မေ့ခြင်း၊ မှန်ကန်စွာ တည်ကြည်ခြင်းတည်း။ ရဟန်းတို့ ဤမဂ်ကို ကံ၏ ချုပ်ရာသို့ရောက်ကြောင်းအကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ ဤသို့လျှင် ငါသည် ကံဟောင်းကို ဟောအပ်ပြီ၊ ကံသစ်ကို ဟောအပ်ပြီ၊ ကံ၏ ချုပ်ရာကိုဟောအပ်ပြီ၊ ကံ၏ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို ဟောအပ်ပြီ။ ရဟန်းတို့ တပည့်သာဝက တို့၏အစီးအပွားကို လိုလားသော သနားတတ်သော ဆရာဖြစ်သော ငါသည် သနားခြင်းကို စွဲ၍ သင်တို့အတွက် ပြုသင့်သည်ကို ပြုအပ်ပြီ။ ရဟန်းတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကားဆိတ်ငြိမ်ရာ ကျောင်းတို့တည်း၊ ရဟန်းတို့ (ကိလေသာကို) ရှို့မြှိုက်ကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်၊ နောင်အခါ နှလုံးမသာယာ မဖြစ်ကြကုန်လင့်၊ ဤသည်လျှင် သင်တို့အတွက်ငါတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။