သံယုတ္တနိကာယ်—၃၅

(၁၉) ၄—အာသီဝိသဝဂ်

၂—ရထောပမသုတ်

၂၃၉။ ရဟန်းတို့ တရားသုံးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် မျက်မှောက်ဘဝ၌ ပင် ကိုယ် ချမ်းသာစိတ်ချမ်းသာ များသည်ဖြစ်၍ နေရ၏၊ ထိုရဟန်းသည် ယိုစီးတတ်သော ‘အာသဝေါ’ တရားတို့ကုန်ခန်းရန် အကြောင်းကိုလည်း အားထုတ်အပ်၏။ အဘယ်သုံးပါးတို့နည်း၊ ဣန္ဒြေတို့၌ လုံခြုံသောတံခါးရှိ၏၊ အစားအစာ၌ အတိုင်းအရှည်ပမာဏကို သိ၏၊ နိုးကြားမှုနှင့် ယှဉ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါ၊ ပြုံးဟန်, ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်းစက္ခုန္ဒြေဟူသောအကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ရဟန်းသည်ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ရောက်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းရှူသော်။ လျှာဖြင့်အရသာ ‘ရသာရုံ’ ကို လျက်သော်။ ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသော်။

စိတ်ဖြင့် သဘောတရား ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါ၊ ပြုံးဟန်, ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်းမနိန္ဒြေဟူသော အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ရဟန်းသည် ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်စည်း၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။

ရဟန်းတို့ ဥပမာသော်ကား ညီညာသော မြေ လမ်းလေးခွဆုံဝယ် ရထားအလယ်၌ ဖီလာထားအပ်သော နှင်တံရှိသော အာဇာနည်မြင်း ကသော ရထားသည် တည်ရှိရာ၏၊ မြင်းတို့ကို ဆုံးမနိုင်သောလိမ္မာ သော ရထားထိန်းသည် ထိုရထားကို တက်စီး၍ လက်ဝဲလက်ဖြင့် ကြိုးတို့ကို ကိုင်ကာလက်ယာလက်ဖြင့် နှင်တံကို ကိုင်ပြီးလျှင် အလိုရှိရာအရပ်သို့ အလိုရှိတိုင်း မောင်းလည်း မောင်းနိုင်ရာ၏၊ ဆုတ်လည်း ဆုတ် နိုင်ရာ၏။ ရဟန်းတို့ ဤအတူ ရဟန်းသည် ဤဣန္ဒြေခြောက်ပါးတို့ကိုစောင့်ရှောက်ရန် ကျင့်၏၊ စောင့် စည်းရန် ကျင့်၏၊ ဆုံးမရန် ကျင့်၏၊ ငြိမ်းအေးရန် ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဣန္ဒြေ တို့၌ လုံခြုံသော တံခါးရှိသူ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အစားအစာ၌ အတိုင်းအရှည် ပမာဏကို သိသူ ဖြစ်သ နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အသင့်အားဖြင့် ပညာဖြင့် ဆင်ခြင်၍ အစားအစာကို မှီဝဲ၏၊ “မြူးတူးရန် မာန်ယစ်ရန် တန်ဆာဆင်ရန် အရေအဆင်း ဖွံ့ဖြိုးတိုးပွားရန် အစားအစာကို မှီဝဲသည်မဟုတ်၊ ဤကိုယ် တည်တံ့ရန်မျှသာ မျှတရန်မျှသာ ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်မျှသာ မြတ်သောအကျင့်ကို ချီးမြှောက်ရန်မျှသာ အစားအစာကို မှီဝဲ၏၊ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်နိုင်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်း အပြစ်မရှိခြင်းနှင့် ချမ်းသာစွာ နေရခြင်း ဖြစ်လတ္တံ့”ဟု နှလုံးသွင်းဖြင့် အစားအစာကို မှီဝဲ၏။

ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် အနာကို အသားနု တက်စေရန်သာ ဆေးလိမ်း သကဲ့သို့တစ်နည်းသော်ကား ဝန်ကို ဆောင်နိုင်ရန်သာ ဝင်ရိုးကို ဆီလိမ်းသကဲ့သို့ ရဟန်းတို့ ဤအတူရဟန်းသည် အသင့်အားဖြင့် ပညာဖြင့် ဆင်ခြင်၍ အစားအစာကို မှီဝဲ၏၊ “မြူးတူးရန် မာန်ယစ်ရန်တန်ဆာဆင်ရန် အရေအဆင်း ဖွံ့ဖြိုးတိုးပွားရန် အစားအစာကို မှီဝဲသည် မဟုတ်၊ ဤကိုယ် တည်တံ့ရန်မျှသာ မျှတရန်မျှသာ ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်မျှသာ မြတ်သော အကျင့်ကို ချီးမြှောက်ရန်မျှသာအစားအစာကို မှီဝဲ၏၊ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်နိုင်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်း အပြစ်မရှိခြင်းနှင့် ချမ်းသာစွာ နေရခြင်း ဖြစ်လတ္တံ့ “ဟု နှလုံးသွင်းဖြင့် အစားအစာကို မှီဝဲ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အစားအစာ၌ အတိုင်းအရှည်ပမာဏကို သိသူ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နိုးကြားမှုနှင့် ယှဉ်သူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နေ့အခါ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ပိတ်ဆို့တတ်သော တရားတို့မှ စိတ်ကို သန့်ရှင်းစေ၏၊ ညဉ့်၏ ပဌမယာမ်၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ပိတ်ဆို့တတ်သော တရားတို့မှစိတ် ကို သန့်ရှင်းစေ၏၊ ညဉ့်၏ မဇ္ဈိမယာမ်ဝယ် ခြေတစ်ဖက်၌ ခြေတစ်ဖက်ကို စဉ်းငယ်လွန်ကာတင်ထား၍ အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံသည်ဖြစ်၍ ထအံ့ဟု အမှတ်ကိုနှလုံးသွင်းလျက် လက်ယာဘက်နံတောင်းဖြင့် မြတ်သော အိပ်ခြင်းကို ပြု၏၊ ညဉ့်၏ ပစ္ဆိမယာမ်၌ အိပ်ရာမှ ထပြီးသော် စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ပိတ်ဆို့တတ်သော တရားတို့မှ စိတ်ကိုသန့်ရှင်းစေ၏။ ရဟန်းတို့ ဤသို့ လျှင် ရဟန်းသည် နိုးကြားမှုနှင့် ယှဉ်သူ ဖြစ်၏။

ရဟန်းတို့ ဤတရားသုံးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် မျက်မှောက်ဘဝ၌ ပင် ကိုယ်ချမ်းသာစိတ်ချမ်းသာ များသည်ဖြစ်၍ နေရ၏၊ ထိုရဟန်းသည် အာသဝေါတရားတို့ ကုန်ခန်းရန် အကြောင်းကိုလည်း အားထုတ်အပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။