သံယုတ္တနိကာယ်—၃၅

(၁၉) ၄—အာသီဝိသဝဂ်

၃—ကုမ္မောပမသုတ်

၂၄ဝ။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား အခွံရှိလိပ်သည် ညနေချမ်းအခါ မြစ်ကမ်းအနီး၌ လှည့်လည်ကျက်စား၏၊ ရဟန်းတို့ မြေခွေးသည်လည်း ညနေချမ်းအခါ မြစ်ကမ်းအနီး၌ လှည့်လည်ကျက်စား၏၊ ရဟန်းတို့ အခွံရှိလိပ်သည် လှည့်လည်ကျက်စားသော မြေခွေးကို အဝေးမှ မြင်လေလျှင် ခေါင်းလျှင် ငါးခုမြောက်ရှိသော အင်္ဂါတို့ကို မိမိပိုင် အခွံအတွင်းသို့ ထည့်သွင်းပြီးလျှင် ကြောင့်ကြမဲ့ ဆိတ်ဆိတ်နေ၏၊ ရဟန်းတို့ မြေခွေးသည်လည်း လှည့်လည်ကျက်စားသော အခွံရှိလိပ်ကို အဝေးမှပင် မြင်လေလျှင်အခွံရှိလိပ်ထံသို့ ချဉ်းကပ်၍ “ ဤအခွံရှိလိပ်သည် ခေါင်းလျှင် ငါးခုမြောက်ရှိသော အင်္ဂါတို့တွင်တစ်ခုခုသော အင်္ဂါကို ထုတ်သော အခါ ထိုလိပ်ကို ဖမ်းယူပြီးလျှင် ခွါ၍ စားအံ့”ဟု အခွံရှိလိပ်၏အနီးသို့ ကပ်၍ ရပ် လေ၏၊ ရဟန်းတို့ အခွံရှိလိပ်သည် ခေါင်းလျှင် ငါးခုမြောက်သော အင်္ဂါတို့တွင်တစ်ခုခုသော အင်္ဂါကိုမျှ မထုတ်သော အခါ မြေခွေးသည် အခွင့် မရမူ၍ မညှဉ်းဆဲနိုင်ဘဲ လိပ်ထံမှဖဲသွားလေ၏။

ရဟန်းတို့ ဤအတူ ငါသည် ဤရဟန်းတို့၏ မျက်စိမှသော်လည်း အခွင့် ရရာ၏။ပ။ လျှာမှသော်လည်း အခွင့် ရရာ၏။ပ။ စိတ်မှသော်လည်း အခွင့် ရရာ၏ဟု မာရ်ယုတ်သည် အမြဲမပြတ် သင်တို့၏အနီး၌ ရပ်တည်လျက် ရှိ၏။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ဣန္ဒြေတို့၌ လုံခြုံသောတံခါးရှိသည်ဖြစ်၍ နေကြကုန်လော့၊ မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို မစွဲယူကြကုန်လင့်၊ (လက်ခြေစသော အင်္ဂါ၊ ပြုံးဟန်, ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို မစွဲ ယူကြကုန်လင့်၊ စက္ခုန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်းစက္ခုန္ဒြေဟူသောအကြောင်းကြောင့် မက်မော ခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထိုမစောင့် စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ရဟန်းသည်ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်ကြ ကုန်လော့၊ စက္ခုန္ဒြေကို စောင့်စည်းကြကုန်လော့၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်ကြကုန်လော့။

နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းရှူသော်။ပ။ လျှာဖြင့်အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသော်။ပ။ စိတ်ဖြင့်သဘောတရား ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို မစွဲယူကြကုန်လင့်၊ (လက် ခြေ စသောအင်္ဂါ၊ ပြုံးဟန်, ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို မစွဲယူကြကုန်လင့်၊ မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်းမနိန္ဒြေဟူသော အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကိုလိုက်၍ နှိပ်စက်ကုန် ရာသောကြောင့် ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်ကြကုန်လော့၊ မနိန္ဒြေကိုစောင့်စည်းကြကုန်လော့၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်ကြကုန်လော့။

ရဟန်းတို့ သင်တို့သည် အကြင်အခါ ဣန္ဒြေတရားတို့၌ လုံခြုံသော တံခါးရှိကုန်သည်ဖြစ်၍ နေကုန်လတ္တံ့၊ ထိုအခါ လိပ်ထံမှ မြေခွေး ဖဲသွားသကဲ့သို့ သင်တို့အထံမှလည်း မာရ်ယုတ်သည် အခွင့် မရသည်ဖြစ်၍ မညှဉ်းဆဲနိုင်ဘဲ ဖဲသွားလတ္တံ့ဟု ဟောတော်မူ၏။

‘လိပ်သည် အင်္ဂါတို့ကို မိမိပိုင် အခွံအတွင်း၌ သွတ်သွင်းထားသကဲ့သို့’ ရဟန်းသည်စိတ်အကြံအစည်တို့ကို ကောင်းစွာ ထိန်းထားပါလျှင် တဏှာဒိဋ္ဌိ အမှီမခံရဘဲ တစ်ပါးပုဂ္ဂိုလ်ကိုမထိခိုက်မညှဉ်းဆဲမူ၍ ချုပ်ငြိမ်းရာ၏၊ တစ်စုံတစ်ယောက်ကိုမျှ မစွပ်စွဲ မပြောဆိုရာ။

တတိယသုတ်။