သံယုတ္တနိကာယ်—၃၅

(၁၉) ၄—အာသီဝိသဝဂ်

၄—ပဌမ ဒါရုက္ခန္ဓောပမသုတ်

၂၄၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဂင်္ဂါမြစ်ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏၊ မြတ်စွာဘုရားသည် ဂင်္ဂါမြစ်ရေအယဉ်ဖြင့် မျော၍ လာသော ကြီးစွာသော သစ်တုံးကို မြင်တော်မူသော် “ရဟန်းတို့ ဂင်္ဂါမြစ်ရေအလျဉ်ဖြင့် မျော၍ လာသော ကြီးစွာသော သစ်တုံးကို သင်တို့ မြင်ကြကုန်၏လော”ဟု ရဟန်းတို့ကို မိန့်တော်မူ၏။ အသျှင်ဘုရား မြင်ကြပါကုန်၏။

ရဟန်းတို့ အကယ်၍ သစ်တုံးသည် ဤမှာဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ထိုမှာဘက်ကမ်းသို့မရောက်ခဲ့ပါလျှင်၊ အလယ်၌ မနစ်မြုပ်ခဲ့ပါလျှင်၊ ကြည်းကုန်း၌ မတင်ခဲ့ပါလျှင်၊ လူတို့ မဆယ်ယူခဲ့ပါလျှင်၊ နတ်တို့ မဆယ်ယူခဲ့ပါလျှင်၊ ဝဲမစုပ်ယူခဲ့ပါလျှင်၊ အတွင်း၌ မဆွေးမပုပ်ခဲ့ပါလျှင် ထိုသစ်တုံးသည် သမုဒ္ဒရာသို့ ညွတ်သည် သမုဒ္ဒရာသို့ ကိုင်းသည် သမုဒ္ဒရာသို့ ရှိုင်းသည် ဖြစ်လတ္တံ့။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဂင်္ဂါမြစ်၏ ရေအလျဉ်သည် သမုဒ္ဒရာသို့ ညွတ်သည် သမုဒ္ဒရာသို့ ကိုင်းသည်သမုဒ္ဒရာသို့ ရှိုင်းသည် ဖြစ်သောကြောင့်တည်း။

ရဟန်းတို့ ဤအတူ သင်တို့သည်လည်း ဤမှာဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ထိုမှာဘက်ကမ်းသို့မကပ်ရောက်ကြပါလျှင်၊ အလယ်၌ မနစ်မြုပ်ကြပါလျှင်၊ ကြည်းကုန်း၌ မတင်ကြပါလျှင်၊ လူတို့ မဆယ်ယူကြပါလျှင်၊ နတ်တို့ မဆယ်ယူကြပါလျှင်၊ ဝဲမစုပ်ယူကြပါလျှင်၊ အတွင်း၌ မဆွေးမပုပ်ကြပါလျှင် သင်တို့သည် နိဗ္ဗာန်သို့ ညွတ်ကုန်သည် နိဗ္ဗာန်သို့ ကိုင်းကုန်သည် နိဗ္ဗာန်သို့ ရှိုင်းကုန်သည် ဖြစ်လတ္တံ့။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ကောင်းစွာ မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’သည် နိဗ္ဗာန်သို့ညွတ်သည် နိဗ္ဗာန်သို့ ကိုင်းသည် နိဗ္ဗာန်သို့ ရှိုင်းသည် ဖြစ်သောကြောင့်တည်း။

ဤသို့ မိန့်တော်မူလျှင် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“မြတ်စွာ့ဘုရား ဤမှာဘက်ကမ်းဟူသည် အဘယ်ပါနည်း၊ ထိုမှာဘက်ကမ်းဟူသည် အဘယ်ပါနည်း၊ အလယ်၌ နစ်မြုပ်ခြင်းဟူသည် အဘယ်ပါနည်း၊ ကြည်းကုန်း၌ တင်မှုဟူသည် အဘယ်ပါနည်း၊ လူတို့ ဆယ်ယူမှုဟူသည် အဘယ်ပါနည်း၊ နတ်တို့ ဆယ်ယူမှုဟူသည် အဘယ်ပါနည်း၊ ဝဲစုပ်ယူမှုဟူသည် အဘယ်ပါနည်း၊ အတွင်း၌ ပုပ်ဆွေးမှုဟူသည် အဘယ်ပါနည်း “ဟု (လျှောက်၏)။

ရဟန်း “ ဤမှာဘက်ကမ်း” ဟူသော ဤအမည်သည် အတွင်းဖြစ်သော တည်ရာ ‘အဇ္ဈတ္တိကာယတန’ခြောက်ပါးတို့၏ အမည်တည်း။ ရဟန်း “ထိုမှာဘက်ကမ်း” ဟူသော ဤအမည်သည်အပဖြစ်သောတည်ရာ ‘ဗာဟိရာယတန’ ခြောက်ပါးတို့၏ အမည်တည်း။ ရဟန်း “အလယ်၌ နစ်မြုပ်ခြင်း” ဟူသော ဤအမည်သည် နှစ်သက်စွဲမက်မှု ‘နန္ဒီရာဂ’၏ အမည်တည်း။ ရဟန်း” ကြည်းကုန်း၌ တင်မှု “ဟူသော ဤအမည်သည် ငါဟူသော ထောင်လွှားသည့် ‘မာန’၏ အမည်တည်း။

ရဟန်း “လူတို့ ဆယ်ယူမှု “ဟူသည် အဘယ်နည်း။ ရဟန်း ဤသာသနာတော်၌ ရဟန်းသည် လူတို့နှင့်ရောနှောသည် ဖြစ်၍ နေ၏၊ အတူတကွ နှစ်သက်မှုရှိ၏၊ အတူတကွ စိုးရိမ်မှုရှိ၏၊ လူတို့ချမ်းသာသည်ရှိသော် ချမ်းသာ၏၊ လူတို့ ဆင်းရဲသည်ရှိသော် ဆင်းရဲ၏၊ ပြုဖွယ်ကိစ္စတို့ ပေါ်ပေါက်လာကုန်သည်ရှိသော် မိမိသည်ပင် ထိုကိစ္စတို့၌ အားထုတ်ခြင်းသို့ ရောက်၏။ ရဟန်း ဤသို့ ဖြစ်မှုကို ‘လူတို့ဆယ်ယူမှု’ဟု ဆိုအပ်၏။

ရဟန်း “နတ်တို့ ဆယ်ယူမှု “ဟူသည် အဘယ်နည်း။ ရဟန်း ဤသာသနာတော်၌ အချို့သောရဟန်းသည် “ငါသည် ဤသီလအားဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုအကျင့်အားဖြင့်လည်းကောင်း၊ ဤအကျင့် မြတ်အားဖြင့်လည်းကောင်း ထင်ရှားသော နတ်သော်လည်းကောင်း၊ မထင်ရှားသောနတ်သော်လည်း ကောင်း ဖြစ်ရလိမ့်မည်”ဟု တစ်ခုခုသော နတ်အဖြစ်ကို တောင့်တ၍ အကျင့်မြတ်ကိုကျင့်သုံး၏။ ရဟန်း ဤသို့ တောင့်တမှုကို ‘နတ်တို့ ဆယ်ယူမှု’ဟု ဆိုအပ်၏။

ရဟန်း “ဝဲစုပ်မှု” ဟူသော ဤအမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။

ရဟန်း “အတွင်း၌ ပုပ်ဆွေးမှု” ဟူသည် အဘယ်နည်း။ ရဟန်း ဤသာသနာတော်၌ အချို့သောရဟန်းသည် သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ မစင်ကြယ်သည် ဖြစ်၍ ယုံမှားအပ်သောအကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်း မဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ အကျင့်မြတ်ကိုကျင့်သုံးသူ မဟုတ်ဘဲလျက် အကျင့်မြတ်ကို ကျင့်သုံးသူဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ ကိလေသာဖြင့်စိုစွတ်၏၊ အမှိုက် သရိုက်ကဲ့သို့ ဖြစ်၏။ ရဟန်း ဤသည်ကို ‘အတွင်း၌ ပုပ်ဆွေးမှု’ဟု ဆိုအပ်၏။

ထိုအခါ နန္ဒမည်သော နွားကျောင်းသားသည် မြတ်စွာဘုရား၏ အနီး၌ ရပ်လျက် ရှိ၏၊ ထိုအခါနန္ဒမည်သော နွားကျောင်းသားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ — “အသျှင်ဘုရားတပည့်တော်သည် ဤမှာဘက်ကမ်းသို့ ကပ်ရောက်သည် မဟုတ်ပါ၊ ထိုမှာဘက်ကမ်းသို့လည်း ကပ်ရောက်သည် မဟုတ်ပါ၊ အလယ်၌လည်း နစ်မြုပ်လိမ့်မည် မဟုတ်ပါ၊ ကြည်းကုန်း၌လည်း တင်လိမ့်မည်မဟုတ်ပါ၊ တပည့်တော်ကို လူတို့လည်း ဆယ်ယူလိမ့်မည် မဟုတ်ပါ၊ နတ်တို့လည်း ဆယ်ယူလိမ့်မည်မဟုတ်ပါ၊ ဝဲသည်လည်း စုပ်ယူနိုင်လိမ့်မည် မဟုတ်ပါ၊ အတွင်း၌လည်း မပုပ်ဆွေးပါ၊ အသျှင်ဘုရားတပည့်တော်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏”ဟုလျှောက် ထား၏။

နန္ဒ သို့ဖြစ်လျှင် သင်သည် နွားရှင်တို့အား နွားတို့ကို အပ်ချေဦးလော့ဟု မိန့်တော်မူ၏။ မြတ်စွာဘုရား နွားမတို့သည် နွားကလေးတို့ကို ခင်တွယ်ကြသည်ဖြစ်၍ အလိုအလျောက် ပြန်သွားကြပါကုန်လတ္တံ့ဟု လျှောက်၏။ နန္ဒ သင်သည် နွားရှင်တို့အား နွားတို့ကို အပ်ရမည်သာတည်းဟု မိန့်တော်မူ၏။

ထိုအခါ နန္ဒမည်သော နွားကျောင်းသားသည် နွားရှင်တို့အား နွားတို့ကို အပ်ခဲ့၍ မြတ်စွာဘုရားထံသို့ချဉ်းကပ် ပြီးလျှင် မြတ်စွာဘုရားအား “အသျှင်ဘုရား နွားရှင်တို့အား နွားတို့ကို အပ်ခဲ့ပါပြီ၊ ့တပည့်တော်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏ “ဟု ဤစကားကို လျှောက်၏။ နန္ဒမည်သော နွားကျောင်းသားသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကိုရလေ၏၊ ပဉ္စင်းအဖြစ်ကို ရလေ၏၊ အသျှင်နန္ဒသည် ပဉ္စင်းဖြစ်၍ မကြာမြင့်မီ တစ်ပါးတည်းဆိတ်ငြိမ်ရာသို့ ကပ်လျက်။ပ။ အသျှင် နန္ဒသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

စတုတ္ထသုတ်။