သံယုတ္တနိကာယ်—၃၅

(၁၉) ၄—အာသီဝိသဝဂ်

၅—ဒုတိယ ဒါရုက္ခန္ဓောပမသုတ်

၂၄၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကိမိလမြို့ ဂင်္ဂါမြစ်ကမ်း၌ (သီတင်းသုံး) နေတော်မူ၏၊ မြတ်စွာဘုရားသည် ဂင်္ဂါမြစ်ရေအလျဉ်ဖြင့် မျော၍ လာသော ကြီးစွာသော သစ်တုံးကို မြင်တော်မူသော်”ရဟန်းတို့ ဂင်္ဂါမြစ်ရေအလျဉ်ဖြင့် မျော၍ လာသော ထိုကြီးစွာသော သစ်တုံးကို သင်တို့ မြင်ကြကုန်၏လော”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား မြင်ကြပါကုန်၏။ပ။

ဤသို့ မိန့်တော်မူလေလျှင် အသျှင်ကိမိလသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏—အသျှင်ဘုရား ဤမှာဘက်ကမ်းဟူသည် အဘယ်ပါနည်း။ပ။ ကိမိလ အတွင်း၌ ပုပ်ဆွေးမှုသည် အဘယ်ပါနည်း။ ကိမိလ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော အာပတ်သို့ ရောက်လျက် ရှိ၏၊ ယင်းသို့သဘောရှိသော အာပတ်မှ ထမြောက်ခြင်းသည် မထင်၊ ကိမိလ ဤအမှုကို အတွင်း၌ ပုပ်ဆွေးမှုဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။