သံယုတ္တနိကာယ်—၃၅

(၁၉) ၄—အာသီဝိသဝဂ်

၆—အဝဿုတပရိယာယသုတ်

၂၄၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကပိလဝတ်ပြည်သား သာကီဝင်မင်းတို့အား ပြုလုပ်ပြီးခါစ ဖြစ်၍ ရဟန်းသော်လည်းကောင်း၊ ပုဏ္ဏားသော်လည်းကောင်း၊ တစ်ဦးတစ်ယောက်သော လူသော်လည်းကောင်းမနေဖူးသေးသော အသစ်ဖြစ်သော မင်းကွန်းသည် ရှိ၏။ ထိုအခါ ကပိလဝတ်မြို့သား သာကီဝင်မင်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထားကုန်၏ — “အသျှင်ဘုရား ဤကပိလဝတ်ပြည်သား သာကီဝင်မင်းတို့အား ပြုလုပ်ပြီးခါစ ဖြစ်၍ ရဟန်းသော်လည်းကောင်း၊ ပုဏ္ဏားသော်လည်းကောင်း၊ တစ်ဦးတစ်ယောက်သော လူသော်လည်းကောင်း မနေဖူးသေးသော အသစ်ဖြစ်သော မင်းကွန်းသည် ရှိပါ၏။ မြတ်စွာဘုရားရှေးဦးစွာ သုံးဆောင်ပြီးသည်ကို နောက်မှ ကပိလဝတ်ပြည်သား သာကီဝင်မင်းတို့သည် သုံးဆောင်ကုန်လတ္တံ့၊ ထိုသို့သုံးဆောင်ခြင်းသည် ကပိလဝတ်ပြည်သား သာကီဝင်မင်းတို့အား ကြာမြင့်စွာ စီးပွားခြင်းငှါချမ်းသာခြင်းငှါ ဖြစ်ရာပါ၏”ဟု (လျှောက်ကုန်၏)၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေသဖြင့်လက်ခံတော် မူ၏။

ထိုအခါ ကပိလဝတ်ပြည်သား သာကီဝင်မင်းတို့သည် မြတ်စွာဘုရား၏ လက်ခံခြင်းကို သိရှိကုန်၍ နေရာမှ ထကြကာ မြတ်စွာဘုရားကို ရှိခိုးကြပြီးလျှင် အရိုအသေပြုကာ မင်းကွန်းသို့ ချဉ်းကပ်ပြီးနောက်မင်းကွန်းကို အခင်းပြည့် ခင်းသည့်ပြင် နေရာတို့ကို ကောင်းစွာ ပြင်ဆင်၍ ရေအိုးကြီးကို တည်ထားကာဆီမီးကို ထွန်းညှိကြပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားအား ဤစကားကိုလျှောက်ကုန်၏— “အသျှင်ဘုရား မင်းကွန်းကို အခင်းပြည့် ခင်းပြီးပါပြီ၊ နေရာတို့ကို ပြင်ဆင်ပြီးပါပြီ၊ ရေအိုးကြီးကိုလည်း တည်ထားပြီးပါပြီ၊ ဆီမီးကိုလည်း ညှိထွန်းပြီးပါပြီ၊ မြတ်စွာဘုရားသည် ယခု ကြွရန်အချိန်ကို သိတော်မူပါ၏၊ (ကြွရန်မှာ မြတ်စွာဘုရား၏ အလိုအတိုင်းပင် ဖြစ်ပါသည်) “ဟု လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် ရဟန်းသံဃာနှင့် အတူ အသစ်ဖြစ်သော မင်းကွန်းသို့ ချဉ်းကပ်ကာ ခြေတော်တို့ကို ဆေးကြော၍ မင်းကွန်းသို့ဝင်တော်မူပြီးလျှင် အလယ်တိုင်ကို မှီပြီးနောက် အရှေ့အရပ်သို့ မျက်နှာမူလျက် ထိုင်နေတော်မူ၏၊ ရဟန်းသံဃာသည်လည်း ခြေတို့ကို ဆေးကြောကာ မင်းကွန်းသို့ ဝင်ကြပြီးလျှင် အနောက်နံရံကို မှီကုန်၍ အရှေ့အရပ်သို့ မျက်နှာမူလျက် မြတ်စွာဘုရားကိုသာ ရှေးရှုမူလျက် ထိုင်နေကုန်၏၊ ကပိလဝတ်ပြည်သားသာကီဝင်မင်းတို့သည်လည်း ခြေတို့ကို ဆေးကြော၍ မင်းကွန်းသို့ ဝင်ကြပြီးလျှင် အရှေ့နံရံကို မှီကုန်၍ အနောက်အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာ ရှေးရှုမူလျက် ထိုင်နေကုန်၏၊ ထို့နောက် မြတ်စွာဘုရားသည် ကပိလဝတ်ပြည်သား သာကီဝင်မင်းတို့ကို ညဉ့်နက်သည့်တိုင်အောင် တရားစကားဖြင့်အကျိုး စီးပွားကို ပြလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေ၍ “ဂေါတမ နွယ်ဖွား သာကီဝင်မင်းများတို့ ညဉ့်သန်းခေါင် လွန်လေပြီ၊ ယခု သွားရန် အချိန်ကို သင်တို့သိကုန်၏၊ (သွားရန်မှာ သင်တို့ အလိုအတိုင်းပင် ဖြစ်သည်) “ဟု မိန့်တော်မူ၏။ “အသျှင်ဘုရားကောင်းပါပြီ”ဟု ကပိလဝတ်ပြည်သား သာကီဝင်မင်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကိုဝန်ခံကြပြီးလျှင် နေရာမှ ထကြကာ မြတ်စွာဘုရားကို ရှိခိုးကုန်၍ အရိုအသေပြုကာ ဖဲခွါသွားကြကုန်၏။

ထို့နောက် မြတ်စွာဘုရားသည် ကပိလဝတ်ပြည်သား သာကီဝင်မင်းတို့ ဖဲသွား၍ မကြာမီ အသျှင်မဟာမောဂ္ဂလာန်အား “မောဂ္ဂလာန် ရဟန်းသံဃာသည် ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကင်းလျက် ရှိ၏၊ မောဂ္ဂလာန် သင်သည် ရဟန်းတို့အား တရားနှင့် စပ်သော စကားကို ဟောကြားလော့၊ ငါ၏ ကျောက်ကုန်းသည် ညောင်းညာ၏၊ ငါသည် ထိုကျောက်ကုန်းကို ဆန့်ဦးအံ့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရားကောင်းပါပြီ”ဟု အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရား၏ စကားကို ဝန်ခံ၏။ ထို့နောက် မြတ်စွာဘုရားသည် ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခင်းစေပြီးလျှင် ခြေတစ်ဖက်၌ ခြေတစ်ဖက်ကိုစဉ်းငယ်လွန်ကာ တင်ထား၍ အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ ္ဖ ဇဉ်’နှင့် ပြည့်စုံသည်ဖြစ်၍ ထအံ့ဟု နှလုံးသွင်းလျက် လက်ယာနံတောင်းဖြင့် မြတ်သော အိပ်ခြင်းကို ပြုတော်မူ၏။ ထိုအခါအသျှင်မဟာမောဂ္ဂလာန်သည် ရဟန်း တို့ကို “ငါ့သျှင်ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ “ငါ့သျှင်”ဟုထိုရဟန်းတို့သည် အသျှင်မဟာမောဂ္ဂလာန်အား တုံ့ပြန်ကြကုန်၏။

အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို မိန့်တော်မူ၏— ငါ့သျှင်တို့ သင်တို့အား ကိလေသာစိုစွတ်ကြောင်းကိုလည်းကောင်း၊ ကိလေသာ မစိုစွတ်ကြောင်းကိုလည်းကောင်း ဟောပေအံ့။ ထိုတရားကိုနာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့။ “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်မဟာမောဂ္ဂလာန်အား ဝန်ခံကြကုန်၏။ အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို မိန့်တော်မူ၏—

ငါ့သျှင်တို့ အဘယ်သို့လျှင် ကိလေသာစိုစွတ်သူ ဖြစ်သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်သော် နှစ်သက်ဖွယ်သဘောရှိသော အဆင်း၌ တပ်မက်၏၊ မနှစ်သက်ဖွယ်သဘောရှိသော အဆင်း၌ အမျက်ထွက်၏၊ ခန္ဓာကိုယ်၌ မထင်သော သတိရှိသည် ဖြစ်ရကားယုတ်ညံ့သော စိတ်ရှိလျက် နေ၏၊ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော ထိုယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့အကြွင်းမဲ့ ချုပ်ငြိမ်းရာ (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ပ။

လျှာဖြင့် အရသာကို လျက်သော်။ပ။ စိတ်ဖြင့် သဘောတရားကို သိသော် နှစ်သက်ဖွယ်သဘောရှိ သောသဘောတရား၌ တပ်မက်၏၊ မနှစ်သက်ဖွယ်သဘောရှိသော သဘောတရား၌ အမျက်ထွက်၏၊ ခန္ဓာကိုယ်၌ မထင်သော သတိရှိသည် ဖြစ်ရကား ယုတ်ညံ့သော စိတ်ရှိလျက် နေ၏၊ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော ထိုယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ အကြွင်းမဲ့ ချုပ်ငြိမ်းရာ (ကိလေသာမှ) ့လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုဟုတ်တိုင်းမှန်စွာ မသိ။

ငါ့သျှင်တို့ ဤရဟန်းကို မျက်စိဖြင့် မြင်အပ်ကုန်သော အဆင်းတို့၌ ကိလေသာစိုစွတ်သူ။ပ။ လျှာ ဖြင့်လျက်အပ်ကုန်သော အရသာတို့၌ ကိလေသာစိုစွတ်သူ။ပ။ စိတ်ဖြင့် သိအပ်ကုန်သော သဘောတရား တို့၌ ကိလေသာစိုစွတ်သူဟု ဆိုအပ်၏။

ငါ့သျှင်တို့ ဤသို့ နေလေ့ရှိသော ရဟန်းကို မာရ်သည် မျက်စိမှလည်း ကပ်ရောက်ခဲ့မူ မာရ်သည်အခွင့်ကို ရပေရာ၏၊ မာရ်သည် အကြောင်းကို ရပေရာ၏။ပ။ ထိုရဟန်းကို မာရ်သည် လျှာမှလည်း ကပ်ရောက်ခဲ့မူ မာရ်သည် အခွင့်ကို ရပေရာ၏၊ မာရ်သည် အကြောင်းကို ရပေရာ၏။ပ။ ထိုရဟန်းကို မာရ်သည် စိတ်မှလည်း ကပ်ရောက်ခဲ့မူ မာရ်သည် အခွင့်ကို ရပေရာ၏၊ မာရ်သည် အကြောင်းကို ရပေရာ၏။

ငါ့သျှင်တို့ ဥပမာသော်ကား သွေ့ခြောက်သော နှစ်လွန်ပြီးသည် ဖြစ်၍ ဆွေးမြည့်နေသော ကျူအိမ်သည်လည်းကောင်း၊ မြက်မိုးအိမ်သည်လည်းကောင်း ရှိ၏။ ယောကျာ်းသည် ထိုအိမ်သို့ ရဲရဲတောက်သောမြက်မီးရှူးဖြင့် အရှေ့အရပ်မှလည်း ကပ်ရောက်ခဲ့မူ မီးသည် လောင်ရန် အခွင့်ကို ရပေရာ၏၊ မီးသည်လောင်ရန် အကြောင်းကို ရပေရာ၏၊ ယောကျာ်းသည် ထိုအိမ်သို့ ရဲရဲတောက်သော မြက်မီးရှူးဖြင့်အနောက်အရပ်မှလည်း ကပ်ရောက်ခဲ့မူ။ပ။ ထိုအိမ်သို့ မြောက်အရပ်မှလည်း ကပ်ရောက်ခဲ့မူ။ ထိုအိမ်သို့တောင်အရပ်မှလည်း ကပ်ရောက်ခဲ့မူ။ ထိုအိမ်သို့ အောက်အရပ်မှလည်း ကပ်ရောက်ခဲ့မူ။ ထိုအိမ်သို့အထက်အရပ်မှလည်း ကပ်ရောက်ခဲ့မူ။ ယောကျာ်းသည် ထိုအိမ်သို့ ရဲရဲတောက်သော မြက်မီးရှူးဖြင့်တစ်နေရာရာမှလည်း ကပ်ရောက်ခဲ့မူ မီးသည် လောင်ရန် အခွင့်ကို ရပေရာ၏၊ မီးသည် လောင်ရန်အကြောင်းကို ရပေရာ၏။

ငါ့သျှင်တို့ ဤအတူ ဤသို့ နေလေ့ရှိသော ထိုရဟန်းကို မာရ်သည် မျက်စိမှလည်း ကပ်ရောက်ခဲ့မူမာရ်သည် အခွင့်ကို ရပေရာ၏၊ မာရ်သည် အကြောင်းကို ရပေရာ၏။ပ။ ထိုရဟန်းကို မာရ်သည် လျှာမှလည်း ကပ်ရောက်ခဲ့မူ မာရ်သည် အခွင့်ကို ရပေရာ၏၊ မာရ်သည် အကြောင်းကို ရပေရာ၏။ပ။ ထိုရဟန်းကို မာရ်သည် စိတ်မှလည်း ကပ်ရောက်ခဲ့မူ မာရ်သည် အခွင့်ကို ရပေရာ၏၊ မာရ်သည် အကြောင်းကို ရပေရာ၏။

ငါ့သျှင်တို့ ဤသို့ နေလေ့ရှိသော ရဟန်းကို အဆင်းတို့သည် ဖိနှိပ်လွှမ်းမိုးကုန်၏၊ ရဟန်းသည်အဆင်းတို့ကို မဖိနှိပ်မလွှမ်းမိုးနိုင်။ ရဟန်းကို အသံတို့သည် ဖိနှိပ်လွှမ်းမိုးကုန်၏၊ ရဟန်းသည် အသံတို့ကို မဖိနှိပ်မလွှမ်းမိုးနိုင်။ ရဟန်းကို အနံ့တို့သည် ဖိနှိပ်လွှမ်းမိုးကုန်၏၊ ရဟန်းသည် အနံ့တို့ကိုမဖိနှိပ်မလွှမ်းမိုးနိုင်။ ရဟန်းကို အရသာတို့သည် ဖိနှိပ်လွှမ်းမိုးကုန်၏၊ ရဟန်းသည် အရသာတို့ကို မဖိနှိပ်မလွှမ်းမိုးနိုင်။ ရဟန်းကို အတွေ့အထိတို့သည် ဖိနှိပ်လွှမ်းမိုးကုန်၏၊ ရဟန်းသည် အတွေ့အထိတို့ကိုမဖိနှိပ်မလွှမ်းမိုးနိုင်။ ရဟန်းကို သဘောတရားတို့သည် ဖိနှိပ်လွှမ်းမိုးကုန်၏၊ ရဟန်းသည် သဘောတရားတို့ကို မဖိနှိပ်မလွှမ်းမိုးနိုင်။ ငါ့သျှင်တို့ ဤရဟန်းကို အဆင်းတို့ လွှမ်းမိုးခံရသည်ဖြစ်၍ အသံတို့ လွှမ်းမိုးခံရသည်ဖြစ်၍ အနံ့တို့ လွှမ်းမိုးခံရသည်ဖြစ်၍ အရသာတို့ လွှမ်းမိုးခံရသည်ဖြစ်၍ အတွေ့အထိတို့ လွှမ်းမိုးခံရသည်ဖြစ်၍ သဘောတရားတို့ လွှမ်းမိုးခံရသည်ဖြစ်၍ အလွှမ်းမိုးခံသူဟု ဆိုအပ်၏၊ (မိမိက) မလွှမ်းမိုးနိုင်သူဟု ဆိုအပ်၏။

ညစ်ညူးစေတတ်ကုန်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူပန်ခြင်းနှင့် တကွ ဖြစ်ကုန်သော နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှုတို့ကို ဖြစ်စေနိုင်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ထိုရဟန်းကို ဖိနှိပ်လွှမ်းမိုးကုန်၏။ ငါ့သျှင်တို့ ဤသို့လျှင် ကိလေသာစိုစွတ်သူ ဖြစ်ပေ၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ကိလေသာ မစိုစွတ်သူ ဖြစ်သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်သော် နှစ်သက်ဖွယ်သဘောရှိသော အဆင်းတို့၌ မတပ်မက်၊ မနှစ်သက်ဖွယ်သဘောရှိသော အဆင်းတို့၌ အမျက်မထွက်၊ ခန္ဓာကိုယ်၌ ထင်သော သတိရှိသည် ဖြစ်ရကား့မြင့်မြတ်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော ထိုယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့အကြွင်းမဲ့ ချုပ်ငြိမ်းရာ (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏။ပ။

လျှာဖြင့် အရသာကို လျက်သော်။ပ။ စိတ်ဖြင့် သဘောတရားကို သိသော် နှစ်သက်ဖွယ်သဘော တရား၌ မတပ်မက်၊ မနှစ်သက်ဖွယ်သဘောတရား၌ အမျက်မထွက်၊ ခန္ဓာကိုယ်၌ ထင်သော သတိရှိသည် ဖြစ်ရကားမြင့်မြတ်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော ထိုယုတ်ညံ့သော အကုသိုလ်တရား တို့အကြွင်းမဲ့ ချုပ်ငြိမ်းရာ (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သောအရဟတ္တဖိုလ်ပညာကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏။ ငါ့သျှင်တို့ ဤရဟန်းကို မျက်စိဖြင့် မြင်အပ်ကုန်သော အဆင်းတို့၌ ကိလေသာ မစိုစွတ်သူ။ပ။ လျှာဖြင့် လျက်အပ်ကုန်သော အရသာတို့၌ ကိလေသာမစိုစွတ်သူ။ပ။ စိတ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့၌ ကိလေသာ မစိုစွတ်သူဟု ဆိုအပ်၏။

ငါ့သျှင်တို့ ဤသို့ နေလေ့ရှိသော ထိုရဟန်းကို မာရ်သည် မျက်စိမှလည်း အကယ်၍ ကပ်ရောက်ငြားအံ့၊ မာရ်သည် အခွင့်ကို မရနိုင်။ပ။ ထိုရဟန်းကို မာရ်သည် လျှာမှလည်း အကယ်၍ ကပ်ရောက်ငြားအံ့။ပ။ ထိုရဟန်းကို မာရ်သည် စိတ်မှလည်း အကယ်၍ ကပ်ရောက်ငြားအံ့၊ မာရ်သည် အခွင့်ကိုမရနိုင်၊ မာရ်သည် အကြောင်းကို မရနိုင်။

ငါ့သျှင်တို့ ဥပမာအားဖြင့် ထူထဲသော မြေစိုင်ရှိသော အင်္ဂတေဖြင့် လိမ်းကျံအပ်သော အထွတ်တပ်အပ်သော ကျောင်းသော်လည်းကောင်း၊ ဇရပ်သော်လည်းကောင်း ရှိ၏။ ယောကျာ်းသည် ထိုကျောင်းဇရပ်သို့ ရဲရဲတောက်သော မြက်မီးရှူးဖြင့် အရှေ့အရပ်မှလည်း အကယ်၍ ကပ်ရောက်ငြားအံ့၊ မီးသည် အခွင့်ကို မရရာ၊ မီးသည် အကြောင်းကို မရရာ။ပ။ ထိုကျောင်းဇရပ်သို့ အနောက်အရပ်မှ။ မြောက်အရပ်မှ။ တောင်အရပ်မှ။ အောက်အရပ်မှ။ အထက်အရပ်မှ ယောကျာ်းသည် ထိုကျောင်းဇရပ်သို့ ရဲရဲတောက်သောမြက်မီးရှူးဖြင့် တစ်နေရာရာမှ အကယ်၍ ကပ်ရောက်ငြားအံ့၊ မီးသည် အခွင့်ကို မရရာ၊ မီးသည်အကြောင်းကို မရရာ။

ငါ့သျှင်တို့ ဤအတူ ဤသို့ နေလေ့ရှိသော ထိုရဟန်းကို မာရ်သည် မျက်စိမှလည်း အကယ်၍ ကပ်ရောက်ငြားအံ့၊ မာရ်သည် အခွင့်ကို မရနိုင်၊ မာရ်သည် အကြောင်းကို မရနိုင်။ပ။ ထိုရဟန်းကို မာရ်သည် စိတ်မှလည်း အကယ်၍ ကပ်ရောက်ငြားအံ့၊ မာရ်သည် အခွင့်ကို မရနိုင်၊ မာရ်သည် အကြောင်းကိုမရနိုင်။

ငါ့သျှင်တို့ ဤသို့ နေလေ့ရှိသော ရဟန်းသည် အဆင်းတို့ကို ဖိနှိပ်လွှမ်းမိုးနိုင်၏၊ ရဟန်းကိုအဆင်းတို့သည် မဖိနှိပ်မလွှမ်းမိုးနိုင်ကုန်။ ရဟန်းသည် အသံတို့ကို ဖိနှိပ်လွှမ်းမိုးနိုင်၏၊ ရဟန်းကို အသံတို့သည် မဖိနှိပ်မလွှမ်းမိုးနိုင်ကုန်။ ရဟန်းသည် အနံ့တို့ကိ်ု ဖိနှိပ်လွှမ်းမိုးနိုင်၏၊ ရဟန်းကို အနံ့တို့သည်မဖိနှိပ်မလွှမ်းမိုးနိုင်ကုန်။ ရဟန်းသည် အရသာတို့ကိ်ု ဖိနှိပ်လွှမ်းမိုးနိုင်၏၊ ရဟန်းကို အရသာတို့သည်မဖိနှိပ်မလွှမ်းမိုးနိုင်ကုန်။ ရဟန်းသည် အတွေ့အထိတို့ကိ်ု ဖိနှိပ်လွှမ်းမိုးနိုင်၏၊ ရဟန်းကိ်ု အတွေ့အထိတို့သည် မဖိနှိပ်မလွှမ်းမိုးနိုင်ကုန်။ ရဟန်းသည် သဘောတရားတို့ကိ်ု ဖိနှိပ်လွှမ်းမိုးနိုင်၏၊ ရဟန်းကို သဘောတရားတို့သည် မဖိနှိပ်မလွှမ်းမိုးနိုင်ကုန်။

ငါ့သျှင်တို့ ဤရဟန်းကို အဆင်းတို့ကို လွှမ်းမိုးနိုင်သူ ဖြစ်၍ အသံတို့ကို လွှမ်းမိုးနိုင်သူ ဖြစ်၍ အနံ့တို့ကို လွှမ်းမိုးနိုင်သူ ဖြစ်၍ အရသာတို့ကို လွှမ်းမိုးနိုင်သူ ဖြစ်၍ အတွေ့အထိတို့ကို လွှမ်းမိုးနိုင်သူဖြစ်၍ သဘောတရားတို့ကို လွှမ်းမိုးနိုင်သူ ဖြစ်၍ လွှမ်းမိုးနိုင်သူဟု ဆိုအပ်၏၊ ထိုရဟန်းကို တစ်စုံတစ်ခုသော ကိလေသာတို့သည် မလွှမ်းမိုးနိုင်။

ထိုရဟန်းသည် ညစ်ညူးစေတတ်ကုန်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူပန်ခြင်းနှင့်တကွဖြစ်ကုန်သော ဆင်းရဲသော အကျိုးကို ဖြစ်စေတတ်ကုန်သော နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု့တို့ကို ဖြစ်စေနိုင်ကုန်သော ထိုယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို ဖိနှိပ်လွှမ်းမိုးနိုင်၏။ ငါ့သျှင်တို့ ဤသို့လျှင် ကိလေသာ မစိုစွတ်သူ ဖြစ်၏ဟု (မိန့်ဆို၏)။

ထိုအခါ မြတ်စွာဘုရားသည် (ကျိန်းစက်ရာမှ) ထတော်မူ၍ “မောဂ္ဂလာန် ကောင်းပေစွ၊ ကောင်း ပေစွ။ မောဂ္ဂလာန် သင်သည် ရဟန်းတို့အား ကိလေသာစိုစွတ်ကြောင်းကိုလည်းကောင်း၊ ကိလေသာ မစိုစွတ်ကြောင်းကိုလည်းကောင်း ကောင်းစွာ ဟော၏”ဟု အသျှင်မဟာမောဂ္ဂလာန်ကို မိန့်တော်မူ၏။ အသျှင်မဟာမောဂ္ဂလာန်သည် ဤတရားဒေသနာကို ဟောတော်မူ၏၊ မြတ်စွာဘုရားသည် ခွင့်ပြုလက်ခံတော်မူ၏၊ ထိုရဟန်းတို့သည် အသျှင်မဟာမောဂ္ဂလာန်၏ တရားကို နှစ်သက်ဝမ်းမြောက်ကြကုန်ပြီ။

ဆဋ္ဌသုတ်။