သံယုတ္တနိကာယ်—၃၅

(၁၉) ၄—အာသီဝိသဝဂ်

၇—ဒုက္ခဓမ္မသုတ်

၂၄၄။ ရဟန်းတို့ ဒုက္ခဖြစ်ကြောင်းတရား အားလုံးတို့၏သာလျှင် ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိသော ရဟန်းသည် ကာမတို့ကို မြင်ကုန်၏။ ယင်းသို့ကာမတို့ ကို မြင်သော ရဟန်းအား ကာမတို့၌ လိုချင်မှု ငြိကပ်မှု မိန်းမောမှု ပူပန်မှုတရားသည်မကိန်းအောင်နိုင်။ ထိုသို့မကိန်းအောင်းနိုင်သော ထိုရဟန်းသည် သွားခြင်းကိုလည်းကောင်း၊ နေခြင်းကိုလည်းကောင်း လျော်စွာ သိ၏။ ယင်းသို့ လျော်စွာ သိ၍ သွားသော နေသော ရဟန်းအားမက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာမှု ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သောအကုသိုလ်တရားတို့သည် မကိန်းအောင်းနိုင်ကုန်။

ရဟန်းတို့ အဘယ်သို့လျှင် ဒုက္ခဖြစ်ကြောင်းတရား အားလုံးတို့၏သာလျှင် ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိသနည်း။ “ ဤကား ရုပ်တည်း၊ ဤကား ရုပ်၏ဖြစ်ခြင်း (ဖြစ်ကြောင်း) တည်း၊ ဤကား ရုပ်၏ ချုပ်ခြင်း (ချုပ်ကြောင်း) တည်း၊ ဤကား ခံစားမှု ‘ဝေဒနာ’တည်း။ပ။ ဤကား မှတ်သားမှု ‘သညာ’ တည်း။ ဤကား ပြုပြင်မှု ‘သင်္ခါရ’တို့တည်း။ ဤကား သိမှု’ဝိညာဏ်’တည်း၊ ဤကား သိမှု ‘ဝိညာဏ်’၏ ဖြစ်ခြင်း (ဖြစ်ကြောင်း) တည်း၊ ဤကား သိမှု ‘ဝိညာဏ်’၏ချုပ်ခြင်း (ချုပ်ကြောင်း) တည်း “။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဒုက္ခဖြစ်ကြောင်းတရားအားလုံးတို့၏သာလျှင် ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကာမတို့ကို မြင်ကုန်သနည်း၊ ယင်းသို့ မြင်သော ရဟန်းအား ကာမတို့၌ လိုချင်မှု ငြိကပ်မှု မိန်းမောမှု ပူပန်မှုတရားသည် မကိန်းအောင်းနိုင်သနည်။ ရဟန်းတို့ဥပမာသော်ကား အလျှံကင်းသော မီးကျီးတို့ဖြင့် ပြည့်လျက်ရှိသော တစ်သူ၁ထက် လွန်သော မီးကျီးတွင်းသည် ရှိရာ၏၊ ထို့နောက် အသက်ရှင်လိုသော မသေလိုသော ချမ်းသာကို အလိုရှိသော ဆင်းရဲကိုစက်ဆုပ်သော ယောကျာ်းသည် ရောက်လာရာ၏၊ ထိုယောကျာ်းကို အားကောင်းသော ယောကျာ်းနှစ်ယောက်တို့သည် လက်ရုံးတစ်ဖက်စီ ကိုင်၍ ထိုမီးကျီးတွင်းသို့ ဆွဲငင်ကုန်ရာ၏၊ ထိုယောကျာ်းသည် ဤသို့ထိုသို့လည်း ကိုယ်ကို ရုံးဖယ်ရာ၏။ ထိုသို့ရုံးဖယ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုယောကျာ်းသည် “ ဤမီးကျီးတွင်းသို့ ငါ ကျရောက်ရတော့အံ့၊ ထိုကျရောက်မှု အကြောင်းကြောင့်သေခြင်း သို့သော်လည်းကောင်း၊ သေလောက်နီးပါး ဖြစ်သော ဆင်းရဲဒုက္ခသို့သော်လည်းကောင်းရောက်ရအံ့”ဟု သိပြီးဖြစ်သောကြောင့်တည်း။

ရဟန်းတို့ ဤအတူပင် ရဟန်းသည် ကာမတို့ကို မီးကျီးတွင်းနှင့် တူစွာ မြင်ကုန်၏၊ ကာမတို့ကိုယင်းသို့ မြင်နေသော ရဟန်းအား ကာမတို့၌ လိုချင်မှု ငြိကပ်မှု မိန်းမောမှု ပူပန်မှုတရားသည် မကိန်းအောင်းနိုင်။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သွားခြင်းကိုလည်းကောင်း၊ နေခြင်းကိုလည်းကောင်း လျော်စွာ့သိသနည်း။ ယင်းသို့ လျော်စွာ သိ၍ နေသော ရဟန်းသို့ ယုတ်ညံ့သော အကုသိုလ်တရားတို့သည်လိုက်၍ မနှိပ်စက်နိုင်ကုန်။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် ဆူးများစွာရှိသော တောသို့ဝင်ရာ၏၊ ယောကျာ်း၏ အရှေ့မှလည်း ဆူးရှိ၏၊ အနောက်မှလည်း ဆူးရှိ၏၊ မြောက်မှလည်း ဆူးရှိ၏၊ တောင်မှလည်း ဆူးရှိ၏၊ အောက်မှလည်း ဆူးရှိ၏၊ အထက်မှလည်း ဆူးရှိ၏၊ ထိုသူသည် “ ငါ့ကို ဆူးမစူးပါစေနှင့် “ဟု သတိရှိလျက်သာလျှင် ရှေ့သို့လည်း တက်ရာ၏၊ သတိရှိလျက်သာလျှင်နောက်သို့လည်း ဆုတ်ရာ၏။ ရဟန်းတို့ ဤအတူ လောက၌ ဤချစ်ခင်ဖွယ်သဘော သာယာဖွယ်သဘောကို အရိယာဖြစ်သော မြတ်စွာဘုရား၏ အဆုံးအမတော်၌ ဆူးဟု ဆိုအပ်၏။ ဤသို့ ဆူးဟု သိ၍ စောင့်စည်းမှုကိုလည်းကောင်း၊ မစောင့်စည်းမှုကိုလည်းကောင်း သိအပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မစောင့်စည်းမှု ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်မျက်စိဖြင့် အဆင်းကို မြင်သော် ချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ တပ်မက်၏၊ မချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ အမျက်ထွက်၏၊ ခန္ဓာကိုယ်၌ မထင်သော သတိရှိသည် ဖြစ်ရကားယုတ်ညံ့သော စိတ်ရှိသည် ဖြစ်၍ နေ၏။ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော ထိုယုတ်ညံ့သောအကုသိုလ်တရားတို့ အကြွင်းမဲ့ ချုပ်ငြိမ်းရာ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့်ကိလေသာမှ လွတ်မြောက်သော အရ ဟတ္တဖိုလ်ပညာကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ပ။

လျှာဖြင့် အရသာကို လျက်သော်။ပ။ စိတ်ဖြင့် သဘောတရားကို သိသော် ချစ်ခင်ဖွယ်သဘောရှိသောသဘောတရား၌ တပ်မက်၏၊ မချစ်ခင်ဖွယ်သဘောရှိသော သဘောတရား၌ အမျက်ထွက်၏၊ ခန္ဓာကိုယ်၌ မထင်သော သတိရှိသည် ဖြစ်ရကား ယုတ်ညံ့သော စိတ်ရှိသည် ဖြစ်၍ နေ၏၊ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ အကြွင်းမဲ့ ချုပ်ငြိမ်းရာ (ကိလေသာမှ) လွတ်မြောက်သောအရဟတ္တဖိုလ်စိတ်နှင့် (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုလည်းဟုတ်တိုင်းမှန်စွာမသိ။ ရဟန်းတို့ ဤသို့လျှင် မစောင့်စည်းမှု ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် စောင့်စည်းမှု ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်မျက်စိဖြင့် အဆင်းကို မြင်သော် ချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ မတပ်မက်၊ မချစ်ခင်ဖွယ်သဘောရှိသော အဆင်း၌ အမျက်မထွက်၊ ခန္ဓာကိုယ်၌ ထင်သော သတိရှိသည် ဖြစ်ရကား မြင့်မြတ်သောစိတ်ရှိသည် ဖြစ်၍ နေ၏။ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ အကြွင်းမဲ့ချုပ်ငြိမ်းရာ (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် (ကိလေသာမှ) လွတ်မြောက်သောအရဟတ္တဖိုလ်ပညာကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏။ပ။

လျှာဖြင့် အရသာကို လျက်သော်။ပ။ စိတ်ဖြင့် သဘောတရားကို သိသော် ချစ်ခင်ဖွယ်သဘောရှိသောသဘောတရား၌ မတပ်မက်၊ မချစ်ခင်ဖွယ်သဘောရှိသော သဘောတရား၌ အမျက်မထွက်၊ ခန္ဓာကိုယ်၌ ထင်သော သတိရှိသည် ဖြစ်ရကား မြင့်မြတ်သော စိတ်ရှိသည် ဖြစ်၍ နေ၏။ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သောထိုယုတ်ညံ့သော အကုသိုလ်တရားတို့ အကြွင်းမဲ့ ချုပ်ငြိမ်းရာ (ကိလေသာမှ) လွတ်မြောက်သောအရဟတ္တ ဖိုလ်စိတ်နှင့် (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုလည်းဟုတ်တိုင်းမှန်စွာသိ၏။ ရဟန်းတို့ ဤသို့လျှင် စောင့်စည်းမှု ဖြစ်၏။

ရဟန်းတို့ ဤသို့ သွားသော ဤသို့ နေသော ထိုရဟန်းအား တစ်ရံတစ်ခါ သတိမေ့လျော့သဖြင့်ပြေးသွားတတ်သော အကြံအစည်, နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ပေါ်ပေါက်လာတတ်ကြစေကာမူ ရဟန်းတို့ သတိတရားဖြစ်ပေါ်မှုကားနှေးသေး၏၊ စင်စစ်အားဖြင့် ထို အကုသိုလ်တရားကို ပယ်စွန့်နိုင်ခြင်း ဖျောက်ဖျက်နိုင်ခြင်း ကင်းအောင်ပြုနိုင်ခြင်း မရှိမှုသို့ ရောက်စေနိုင် ခြင်းကား လျင်မြန်လှစွာ၏။

ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် တစ်နေ့ပတ်လုံး ခြစ်ခြစ်ပူသော သံဒယ်အိုး၌ နှစ်ပေါက့်သုံးပေါက်သော ရေစက်တို့ကို ချရာ၏၊ ရဟန်းတို့ ရေစက်တို့၏ ကျခြင်းသည် နှေးသေး၏၊ အမှန်အားဖြင့် ထိုရေစက်၏ ကုန်ခန်းခြင်းသို့ ရောက်ခြင်းကား လျင်မြန်လှစွာ၏။ ရဟန်းတို့ ဤအတူ ဤသို့ သွားသော ဤသို့ နေသော ထိုရဟန်းအား တစ်ရံတစ်ခါ သတိမေ့လျော့သဖြင့် ပြေးသွားတတ်သော အကြံအစည်, နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ပေါ်ပေါက်လာတတ်ကြစေကာမူ ရဟန်းတို့ သတိတရား ဖြစ်ပေါ်မှုကား နှေးသေး၏၊ စင်စစ်အားဖြင့် ထိုအကုသိုလ်တရားကို ပယ်စွန့်နိုင်ခြင်း ဖျောက်ဖျက်နိုင်ခြင်း ကင်းအောင် ပြုနိုင်ခြင်း မရှိမှုသို့ ရောက်စေနိုင်ခြင်းကားလျင်မြန်လှစွာ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းအား သွားခြင်းကိုလည်းကောင်း၊ နေခြင်းကိုလည်းကောင်းလျော်စွာ သိ၏။ ယင်းသို့ လျော်စွာ သိ၍ သွားသော နေသော ရဟန်းကို မက်မောမှုနှလုံးမသာမှုတည်း ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် လိုက်၍ မနှိပ်စက်နိုင်ကုန်။

ရဟန်းတို့ ဤသို့ သွားသော ဤသို့ နေသော ထိုရဟန်းကို မင်းကဖြစ်စေ၊ မင်းအမတ်ကဖြစ်စေ၊ မိတ်ဆွေခင်ပွန်းတို့ကဖြစ်စေ၊ ဆွေမျိုးသားချင်းတို့ကဖြစ်စေ “အိုယောကျာ်း လာလော့၊ ဤသင်္ကန်းတို့သည်သင့်အား ပူလောင်ကုန်သည် မဟုတ်လော၊ အဘယ်ကြောင့် ဦးပြည်းကတုံးဖြင့် ခွက်စွဲကာလှည့်လည်နေဘိ သနည်း၊ လာလော့ လူအဖြစ်သို့ ပြန်လည်၍ စည်းစိမ်တို့ကိုလည်း ခံစားလော့၊ ကုသိုလ်ကောင်းမှုတို့ကိုလည်း ပြုလော့”ဟု စည်းစိမ်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကုန်စေကာမူရဟန်းတို့ စင်စစ် ဤသို့ သွား သော ဤသို့ နေသော ထိုရဟန်းသည် အကျင့်သိက္ခာကို စွန့်ခွာပြီးလျှင်လူအဖြစ်သို့ ပြန်လည်လိမ့်မည်ဟူ သော ဤအကြောင်းမျိုးသည် မရှိနိုင်။

ရဟန်းတို့ ဥပမာသော်ကား အရှေ့သို့ ညွတ်သော အရှေ့သို့ ကိုင်းသော အရှေ့သို့ ရှိုင်းသောဂင်္ဂါမြစ်သည် ရှိရာ၏၊ ထိုအခါ များစွာသော လူအပေါင်းသည် ပေါက်တူးခြင်းတောင်းကို ယူ၍ ဤဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်အောင် အနောက်သို့ ကိုင်းအောင် အနောက်သို့ ရှိုင်းအောင် ငါ့တို့ ပြုကုန်အံ့ဟုလာရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ စင်စစ် ထိုများစွာသော လူအပေါင်းသည် ဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်အောင် အနောက်သို့ ကိုင်းအောင် အနောက်သို့ ရှိုင်းအောင် ပြုနိုင်ရာအံ့လော။ မပြုနိုင်ရာပါဘုရား။ ထိုသို့ မပြုနိုင်ခြင်းသည် အဘယ်ကြောင့်နည်း၊ အသျှင်ဘုရား ဂင်္ဂါမြစ်သည် အရှေ့သို့ ညွတ်လျက် ရှိပါ၏၊ အရှေ့သို့ ကိုင်းလျက် ရှိပါ၏၊ အရှေးသို့ ရှိုင်းလျက် ရှိပါ၏၊ ထိုသို့ သော ဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်အောင် အနောက်သို့ ကိုင်းအောင် အနောက်သို့ ရှိုင်းအောင်ပြုလုပ် ရန် မလွယ်ကူပါ၊ အမှန်အားဖြင့် ထိုလူအပေါင်းသည် ပင်ပန်းဆင်းရဲခြင်းအဖို့ရှိသည်သာဖြစ်ရာသော ကြောင့်တည်း။

ရဟန်းတို့ ဤအတူ ဤသို့ သွားသော ဤသို့ နေသော ထိုရဟန်းကို မင်းကဖြစ်စေ၊ မင်းအမတ်ကဖြစ်စေ၊ မိတ်ဆွေခင်ပွန်းတို့ကဖြစ်စေ၊ ဆွေမျိုးသားချင်းတို့ကဖြစ်စေ “အိုယောကျာ်း လာလော့၊ ဤသင်္ကန်း တို့သည် သင့်အား ပူလောင်သည် မဟုတ်ပါလော၊ အဘယ်ကြောင့် ဦးပြည်းကတုံးဖြင့်ခွက်စွဲကာ လှည့် လည်နေဘိသနည်း၊ လာလော့ လူအဖြစ်သို့ ပြန်လည်ပြီး၍ စည်းစိမ်တို့ကိုလည်းခံစားလော့၊ ကုသိုလ် ကောင်းမှုတို့ကိုလည်း ပြုလော့”ဟု စည်းစိမ်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်စေကာမူရဟန်းတို့ စင်စစ် ဤ သို့ သွားသော ဤသို့ နေသော ထိုရဟန်းသည် အကျင့်သိက္ခာကို စွန့်ခွါပြီးလျှင်လူအဖြစ်သို့ ပြန်လည် လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။ ထိုသို့ မရှိခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ကြာမြင့်စွာ ဆိတ်ငြိမ်ရာသို့ ညွတ်ပြီးသော ဆိတ်ငြိမ်ရာသို့ကိုင်းပြီးသော ဆိတ်ငြိမ်ရာသို့ ရှိုင်းပြီးသော စိတ်မျိုးသည် လူအဖြစ်သို့ပြန်လည်လိမ့်မည်ဟူသော ဤအကြောင်းမျိုး မရှိနိုင်သောကြောင့်တည်းဟု (မိန့် တော်မူ၏)။

သတ္တမသုတ်။

၁။ တစ်သူ=လက်ခုပ်တစ်ဖေါင်၊