သံယုတ္တနိကာယ်—၃၅

(၁၉) ၄—အာသီဝိသဝဂ်

၈—ကိံသုကောပမသုတ်

၂၄၅။ ထိုအခါ ရဟန်းတစ်ပါးသည် အခြား ရဟန်းတစ်ပါးထံသို့ ချဉ်းကပ်၍ ထိုရဟန်းကို “ငါ့သျှင်အဘယ်မျှလောက်ဖြင့် ရဟန်းအား အမြင်သန့်ရှင်းမှု ဖြစ်ပါသနည်း” ဟူသော ဤစကားကို ပြောဆို၏။

ငါ့သျှင် ရဟန်းသည် တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်ပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ် ခြင်းကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ငါ့သျှင် ဤမျှလောက်ဖြင့် ရဟန်းအားအမြင်သန့်ရှင်းမှု ဖြစ်ပါ၏ဟု ( ဤသို့ ဖြေဆို၏)။

ထိုအခါ ထိုရဟန်းသည် ထိုရဟန်း၏ ပြဿနာဖြေဆိုခြင်းဖြင့် မရောင့်ရဲသေးသည် ဖြစ်၍ အခြားရဟန်းတစ်ပါးထံသို့ ချဉ်းကပ်၍ ထိုရဟန်းကို “ငါ့သျှင် အဘယ်မျှလောက်ဖြင့် ရဟန်းအား အမြင်သန့်ရှင်းမှု ဖြစ်ပါသနည်း”ဟု ဤစကားကို ပြောဆိုပြန်၏။ ငါ့သျှင် ရဟန်းသည် (ဥပါဒါနက္ခန္ဓာ) ငါးမျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ငါ့သျှင် ဤမျှလောက်ဖြင့်ရဟန်း အား အမြင်သန့်ရှင်းမှု ဖြစ်နိုင်၏ဟု ဤသို့ ဖြေဆို၏။

ထိုအခါ ရဟန်းသည် ထိုရဟန်း၏ ပြဿနာဖြေဆိုခြင်းဖြင့်လည်း မရောင့်ရဲသေးသည် ဖြစ်၍ အခြားရဟန်းတစ်ပါးထံသို့ ချဉ်းကပ်ပြန်၍ ထိုရဟန်းကို “ငါ့သျှင် အဘယ်မျှလောက်ဖြင့် ရဟန်းအား အမြင်သန့်ရှင်းမှု ဖြစ်ပါသနည်း” ဟူသော ဤစကားကို ပြောဆိုပြန်၏။ ငါ့သျှင် ရဟန်းသည် မဟာဘုတ်လေးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ငါ့သျှင် ဤမျှလောက်ဖြင့် ရဟန်းအား အမြင်သန့်ရှင်းမှု ဖြစ်နိုင်၏ဟု ဤသို့ ဖြေဆို၏။

ထိုအခါ ရဟန်းသည် ထိုရဟန်း၏ ပြဿနာဖြေဆိုခြင်းဖြင့်လည်း မရောင့်ရဲသေးသည် ဖြစ်၍ အခြားရဟန်းတစ်ပါးထံသို့ ချဉ်းကပ်ပြန်၍ ထိုရဟန်းကို “ငါ့သျှင် အဘယ်မျှလောက်ဖြင့် ရဟန်းအား အမြင်သန့်ရှင်းမှု ဖြစ်ပါသနည်း” ဟူသော ဤစကားကို ပြောဆိုပြန်၏။ ငါ့သျှင် ရဟန်းသည် ဖြစ်ခြင်းသဘောရှိသောတရားအားလုံးသည် ချုပ်ခြင်းသဘောရှိ၏ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ငါ့သျှင် ဤမျှလောက်ဖြင့် ရဟန်းအား အမြင်သန့်ရှင်းမှု ဖြစ်နိုင်၏ဟု ဤသို့ ဖြေဆို၏။

ထိုအခါ ရဟန်းသည် ထိုရဟန်း၏ ပြဿနာဖြေဆိုခြင်းဖြင့်လည်း မရောင့်ရဲသေးသည် ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏—“အသျှင်ဘုရား တပည့်တော်သည် အခြား ရဟန်းတစ်ပါးထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းကို ငါ့သျှင် အဘယ်မျှလောက်ဖြင့်ရဟန်းအား အမြင်သန့်ရှင်းမှု ဖြစ်ပါသနည်းဟု ဤစကားကို ပြောဆိုမေးမြန်းပါ၏။ အသျှင်ဘုရား ဤသို့မေးမြန်းသော် ထိုရဟန်းသည် တပည့်တော်အား ငါ့သျှင် ရဟန်းသည် တွေ့ထိမှု၏တည်ရာ’ဖဿာယတန’ ခြောက်ပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ငါ့သျှင် ဤမျှလောက်ဖြင့် ရဟန်းအား အမြင်သန့်ရှင်းမှု ဖြစ်၏ဟု ဤစကားကိုဖြေဆိုပါ၏။ အရှင်ဘုရား ထိုအခါ တပည့်တော်သည် ထိုရဟန်း၏ ပြဿနာဖြေဆိုခြင်းဖြင့်မရောင့်ရဲသေးသည် ဖြစ်၍ အခြား ရဟန်းတစ်ပါး ထံသို့ ချဉ်းကပ်ပြီး ထိုရဟန်းကို ငါ့သျှင်အဘယ်မျှလောက်ဖြင့် ရဟန်းအား အမြင်သန့်ရှင်းမှု ဖြစ်ပါသ နည်းဟု ဤစကားကို မေးမြန်းပြန်ပါ၏။

အသျှင်ဘုရား ဤသို့ မေးမြန်းသော် ထိုရဟန်းသည် တပည့် တော်အား ငါ့သျှင်ဥပါဒါနက္ခန္ဓာငါးပါးတို့၏။ပ။ မဟာဘုတ်လေးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ပ။ ဖြစ်ခြင်းသဘောရှိသော တရားအားလုံးသည် ချုပ်ခြင်းသဘောရှိ၏ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ငါ့သျှင် ဤမျှလောက်ဖြင့် ရဟန်းအား အမြင်သန့်ရှင်းမှုဖြစ်၏ဟု ဤစကားကို ဖြေဆိုပါ၏။ အသျှင်ဘုရား ထိုအခါ တပည့်တော်သည် ထိုရဟန်း၏့ပြဿနာဖြေဆိုခြင်းဖြင့် မရောင့်ရဲသေးသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားအားအသျှင်ဘုရား အဘယ် မျှလောက်ဖြင့် ရဟန်းအား အမြင်သန့်ရှင်းမှု ဖြစ်ပါသနည်းဟု ဤစကားကိုလျှောက်ထားပါ၏”ဟု လျှောက်၏။

ရဟန်း ဥပမာသော်ကား ပေါက်ပင်ကို မမြင်ဖူးသော ယောကျာ်းတစ်ယောက် ရှိရာ၏၊ ထိုသူသည်ပေါက်ပင်ကို မြင်ဖူးသော အခြား ယောကျာ်းတစ်ယောက်ထံသို့ ချဉ်းကပ်ပြီးလျှင် ထိုယောကျာ်းကို “အိုယောကျာ်း ပေါက်ပင်သည် အဘယ်သို့ သဘောရှိသနည်း”ဟု မေးမြန်းရာ၏။ “အိုယောကျာ်း ပေါက်ပင်သည် မီးလောင်ငုတ်ကဲ့သို့ မည်းနက်လျက် ရှိ၏ “ဟု ထိုအမေးခံရသူသည် ဖြေဆိုရာ၏။ ရဟန်း ထိုအချိန်အခါ ပေါက်ပင်သည် ထိုယောကျာ်း မြင်သည့်အတိုင်းပင် မည်းနက်သော သဘောရှိ၏။ ရဟန်း ထိုအခါထိုမေးသော ယောကျာ်းသည် ထိုဖြေဆိုသူယောကျာ်း၏ ပြဿနာဖြေဆိုခြင်းဖြင့် မရောင့်ရဲသေးသည်ဖြစ်၍ ပေါက်ပင် မြင်ဖူးသော ယောကျာ်းတစ်ယောက်ထံသို့ ချဉ်းကပ်ပြီးလျှင် ထိုယောကျာ်းကို “အိုယောကျာ်းပေါက်ပင်သည် အဘယ်သို့ သဘောရှိသနည်း”ဟု မေးမြန်းပြန်ရာ၏။ “အိုယောကျာ်း ပေါက်ပင်ဟူသည်သားတစ်ကဲ့သို့ ခြင်းခြင်းနီလျက် ရှိ၏”ဟု ထိုအမေးခံရသူသည် ဖြေဆိုရာ၏။ ရဟန်း ထိုအချိန်အခါပေါက်ပင်သည် ထိုယောကျာ်း မြင်သည့်အတိုင်းပင် ခြင်းခြင်းနီသော သဘောရှိ၏။ ရဟန်း ထိုအခါ မေးသော ယောကျာ်းသည် ထိုဖြေဆိုသူယောကျာ်း၏ ပြဿနာဖြေဆိုခြင်းဖြင့် မရောင့်ရဲသေးသည်ဖြစ်၍ ပေါက်ပင် မြင်ဖူးသော ယောကျာ်းတစ်ယောက်ထံသို့ ချဉ်းကပ်ပြီးလျှင် ထိုယောကျာ်းကို “အိုယောကျာ်း ပေါက်ပင်သည် အဘယ်သို့ သဘောရှိသနည်း”ဟု မေးမြန်းပြန်၏။ “အိုယောကျာ်း ပေါက်ပင်သည် ကုက္ကိုပင်ကဲ့သို့ သန်လျက်အိမ်သဖွယ် တွဲရရွဲ ကျသော အသီးရှိ၏ “ဟု ထိုအမေးခံရသူသည် ဖြေဆိုရာ၏။ ရဟန်းထိုအချိန်အခါ ပေါက်ပင်သည် ထိုယောကျာ်း မြင်သည့်အတိုင်းပင် တွဲရရွဲ ကျနေသော အသီးရှိ၏။ ရဟန်းထိုအခါ ထိုမေးသော ယောကျာ်းသည် ထိုဖြေဆိုသူ ယောကျာ်း၏ ပြဿနာဖြေဆိုခြင်းဖြင့် မရောင့်ရဲသေးသည်ဖြစ်၍ ပေါက်ပင်မြင်ဖူးသော အခြား ယောကျာ်းတစ်ယောက်ထံသို့ ချဉ်းကပ်ပြီးလျှင် ထိုယောကျာ်းကို”အို ယောကျာ်း ပေါက်ပင်ဟူသည် အဘယ်သို့ သဘောရှိသနည်း”ဟု မေးမြန်းပြန်ရာ၏။ “အိုယောကျာ်းပေါက်ပင်သည် ပညောင်ပင်ကဲ့သို့ ထူထပ်သော ရွက်နုရွက်ရင့်ရှိ၏၊ စပ်နေသော အရိပ်ရှိ၏”ဟု ထိုအမေးခံရသူသည် ဖြေဆိုရာ၏။ ရဟန်း ထိုအချိန်အခါ ပေါက်ပင်သည် ထိုယောကျာ်း မြင်သည့်အတိုင်းပင်ထူထပ် သော ရွက်နုရွက်ရင့် ရှိ၍ စပ်နေသော အရိပ်ရှိ၏။ ရဟန်း ဤအတူအကြင်အကြင်အခြင်းအရာဖြင့် နှလုံး သွင်းကုန်သော ထိုသူတော်ကောင်းတို့အားအမြင်သန့်ရှင်းစင်ကြယ်၏၊ ထိုထိုအခြင်းအရာအားဖြင့်သာ ထို သူတော်ကောင်းတို့သည် ဖြေဆိုအပ်၏။

ရဟန်း ဥပမာသော်ကား မင်းအား ခိုင်ခံ့သော တံတိုင်းခြေရှိသော ခိုင်ခံ့သော မြို့ရိုးတုရိုဏ်တိုင်ရှိ သောတံခါးခြောက်ပေါက်ရှိသော အစွန်အဖျားမြို့သည် ရှိရာ၏၊ ထိုမြို့၌ လိမ္မာသော ထက်မြက်သောအသိဉာဏ်ရှိသော မသိသူတို့ကို တားမြစ်၍ သိသူတို့ကိုသာ ဝင်ခွင့်ပြုသော တံခါးစောင့်ယောကျာ်းရှိရာ၏၊ အရှေ့အရပ်မှ လျင်မြန်သော သံတမန်အစုံသည် လာလတ်၍ ထိုတံခါးစောင့်ကို “အိုယောကျာ်း ဤမြို့၏ ပိုင်ရှင်ကား အဘယ်မှာနည်း”ဟု မေးရာ၏။ ထိုတံခါးစောင့်သည် “အသျှင် ဤမြို့ပိုင်ရှင်ကားအလယ်လမ်း ဆုံ၌ နေပါ၏”ဟု ဤသို့ ဖြေဆိုရာ၏။ ထိုအခါ လျင်မြန်သော သံတမန်အစုံသည်ပိုင်ရှင်အားဟုတ်မှန်သည့်အတိုင်း သတင်းစကား ပြောကြားခဲ့ပြီးလျှင် လာခဲ့သည့်အတိုင်းလမ်းသို့လျှောက်လေရာ၏။ အ နောက်အရပ်မှ လျင်မြန်သော သံတမန်အစုံသည် လာလတ်၍ ။ပ။ မြောက်အရပ်မှ။ တောင်အရပ်မှ လျင်မြန် သော သံတမန်အစုံသည် လာလတ်၍ ထိုတံခါးစောင့်ကို”အိုယောကျာ်း ဤမြို့၏ ပိုင်ရှင်ကား အဘယ်မှာ နည်း “ဟု မေးရာ၏။ ထိုတံခါးစောင့်သည် “အသျှင် ဤမြို့ပိုင်ရှင်ကား အလယ်လမ်းဆုံ၌ နေပါ၏”ဟု ဖြေ ဆိုရာ၏။ ထိုအခါ လျင်မြန်သော သံတမန်အစုံသည်ပိုင်ရှင်အားဟုတ်မှန်သည့်အတိုင်း သတင်းစကား ပြောကြားခဲ့ပြီးလျှင် လာခဲ့သည့်အတိုင်း လမ်းသို့လျှောက်လေရာ၏။

ရဟန်း အနက်အဓိပ္ပါယ်ကို သိလွယ်စေရန် ဤဥပမာကို ငါ ပြုအပ်၏၊ ဤဥပမာ၌ အနက်အဓိပ္ပါယ်ကား ဤသည်ပင်တည်း။ ရဟန်း “မြို့”ဟူသော ဤအမည်သည် အမိအဖတို့၏ သုက်သွေးကို မှီ၍ ဖြစ်သော ထမင်းမုယောမုံ့တို့ဖြင့် ကြီးပွားရသော မမြဲခြင်း လိမ်းကျံရခြင်း ဆုပ်နယ်ရခြင်း ပြိုကွဲပျက်စီးခြင်းသဘောရှိသော မဟာဘုတ်လေးပါးကို မှီ၍ ဖြစ်သော ဤကိုယ်၏ အမည်တည်း။ ရဟန်း “တံခါးခြောက်ပေါက်”ဟူသော ဤအမည်သည် အဇ္ဈတ္တိကာယတနခြောက်ပါးတို့၏ အမည်တည်း။ ရဟန်း “တံခါးစောင့်”ဟူသော ဤအမည်သည် အောက်မေ့မှု ‘သတိ’၏ အမည်တည်း။ ရဟန်း “လျင်မြန်သောသံတမန်အစုံ”ဟူ သော ဤအမည်သည် သမထဝိပဿနာတို့၏ အမည်တည်း။ ရဟန်း”မြို့ပိုင်ရှင်”ဟူသော ဤအမည်သည် ဝိညာဏ်၏ အမည်တည်း။ ရဟန်း “အလယ်လမ်းဆုံ”ဟူသော ဤအမည်သည် ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟူသောမဟာဘုတ်လေးပါးတို့၏ အမည်တည်း။ ရဟန်း “ဟုတ်မှန်တိုင်း သော စကား”ဟူသော ဤအမည်သည်နိဗ္ဗာန်၏ အမည်တည်း။ ရဟန်း “လာခဲ့တိုင်းသော လမ်း”ဟူ သော ဤအမည်သည် ‘သမ္မာဒိဋ္ဌိ’။ပ။ ‘သမ္မာသမာဓိ’ ဟူသော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်၏ အမည် တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။