သံယုတ္တနိကာယ်—၃၅

၅—သဗ္ဗအနိစ္စဝဂ်

၁ဝ—ဥပဿဋ္ဌသုတ်

၅၂။ ရဟန်းတို့ အလုံးစုံသည် အညှဉ်းဆဲခံရသော တရားတည်း။ ရဟန်းတို့ အဘယ်အလုံးစုံသည်အညှဉ်းဆဲခံရသနည်း။

ရဟန်းတို့ မျက်စိသည် အညှဉ်းဆဲခံရ၏၊ အဆင်းတို့သည် အညှဉ်းဆဲခံရကုန်၏၊ စက္ခုဝိညာဏ်သည်အညှဉ်းဆဲခံရ၏၊ စက္ခုသမ္ဖဿသည် အညှဉ်းဆဲခံရ၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း အညှဉ်းဆဲခံရ၏။ပ။ လျှာသည်အညှဉ်းဆဲခံရ၏၊ အရသာ တို့သည် အညှဉ်းဆဲခံရကုန်၏၊ ဇိဝှါဝိညာဏ်သည် အညှဉ်းဆဲခံရ၏၊ ဇိဝှါသမ္ဖဿသည် အညှဉ်းဆဲခံရ၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာသည်လည်း အညှဉ်း ဆဲခံရ၏။ကိုယ်သည် အညှဉ်းဆဲခံရ၏။ပ။ စိတ်သည်အညှဉ်းဆဲခံရ၏၊ သဘောတရားတို့သည် အညှဉ်းဆဲ ခံရကုန်၏၊ မနောဝိညာဏ်သည် အညှဉ်းဆဲခံရ၏၊ မနောသမ္ဖဿသည် အညှဉ်းဆဲခံရ၏၊ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း အညှဉ်းဆဲခံရ၏။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် တပ်မက်မှု ကင်း၏၊ တပ်မက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟုအသိဉာဏ် ဖြစ် ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ “ဟု ပိုင်းခြား၍ သိ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် သဗ္ဗအနိစ္စဝဂ် ပြီး၏။