သံယုတ္တနိကာယ်—၃၅

(၇) ၂—မိဂဇာလဝဂ်

၈—ဥပဝါဏသန္ဒိဋ္ဌိကသုတ်

၇ဝ။ ထိုအခါ အသျှင်ဥပဝါဏသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—အသျှင်ဘုရား “ကိုယ်တိုင်သိမြင်နိုင်သောတရားကိုယ်တိုင် သိမြင်နိုင်သောတရား”ဟု ဆိုအပ်၏၊ အသျှင်ဘုရားအဘယ်မျှလောက်ဖြင့်ကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟုပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင် ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင်သော တရား ဖြစ်ပါသနည်းဟု (လျှောက်၏)။

ဥပဝါဏ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ အဆင်းကို သိသူလည်းဖြစ်၏၊ အဆင်း၌ စွဲမက်သည်ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ကို “ငါ၏ သန္တာန်ဝယ် အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ ရှိ၏”ဟုလည်း ပိုင်းခြား၍ သိ၏။

ဥပဝါဏ ယင်းသို့ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ အဆင်းကို သိသူလည်း ဖြစ်၏၊ အဆင်း၌ စွဲမက်မှု ‘ရာဂ’ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ကို့”ငါ၏ သန္တာန်ဝယ် အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ ရှိ၏ “ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ဤသို့လည်းကိုယ်တိုင်သိ မြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟုပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင်သော တရား ဖြစ်၏။ပ။

ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် လျှာဖြင့် အရသာကို လျက်၍ အရသာကို သိသူလည်းဖြစ်၏၊ အရသာတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော အရသာတို့၌ စွဲမက်မှု ‘ရာဂ’ကို “ငါ၏ သန္တာန်ဝယ် အရသာတို့၌ စွဲမက်မှု ‘ရာဂ’ ရှိ၏ “ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ယင်းသို့ ရဟန်းသည် လျှာဖြင့် အရသာကို လျက်၍ အရသာကို သိသူလည်း ဖြစ်၏၊ အရသာတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော အရသာတို့၌ စွဲမက်မှု ‘ရာဂ’ကို “ငါ၏ သန္တာန်ဝယ် အရသာတို့၌ စွဲမက်မှု ‘ရာဂ’ ရှိ၏ “ဟုလည်း ပိုင်းခြား၍ သိ၏။

ဥပဝါဏ ဤသို့လည်းကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟုပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင်သော တရား ဖြစ်၏။ပ။

ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိ၍ သဘောတရားကိုသိသူလည်း ဖြစ်၏၊ သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကို “ငါ၏ သန္တာန်ဝယ် သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ရှိ၏”ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ယင်းသို့ ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိ၍ သဘောတရားကို သိသူလည်း ဖြစ်၏၊ သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူလည်း ဖြစ်၏၊ မိမိသန္တာန်ဝယ် ထင်ရှားရှိသော သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကို “ငါ၏ သန္တာန်ဝယ် သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ ရှိ၏”ဟုလည်း ပိုင်းခြား၍ သိ၏၊ ဥပဝါဏ ဤသို့လည်းကိုယ်တိုင် သိမြင်နိုင်သောအခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထား ထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားဖြစ်၏။ပ။

ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ အဆင်းကို သိသူကား ဖြစ်၏၊ အဆင်း၌ စွဲမက်မှု ‘ရာဂ’ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော အဆင်း တို့၌ စွဲမက်မှု ‘ရာဂ’ကို “ငါ၏ သန္တာန်ဝယ် အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ မရှိ”ဟု ပိုင်းခြား၍ သိ၏၊ ဥပဝါဏယင်းသို့ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ အဆင်းကို သိသူကား ဖြစ်၏၊ အဆင်း၌ စွဲမက်မှု ‘ရာဂ’ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ကိုလည်း “ငါ၏ သန္တာန်ဝယ် အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ မရှိ”ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ဤသို့လည်းကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟုပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင် သော တရား ဖြစ်၏။ပ။

ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် လျှာဖြင့် အရသာကို လျက်၍ အရသာကို သိသူကား ဖြစ်၏၊ အရသာတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော အရသာ တို့၌ စွဲမက်မှု ‘ရာဂ’ကိုလည်း “ငါ၏ သန္တာန်ဝယ် အရသာတို့၌ စွဲမက်မှု ‘ရာဂ’ မရှိ”ဟု ပိုင်းခြား၍ သိ၏။ပ။

ဥပဝါဏ နောက်တစ်မျိုးကား ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိ၍ သဘောတရားကို သိသူကား ဖြစ်၏၊ သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကိုလည်း “ငါ၏ သန္တာန်ဝယ် သဘောတရားတို့၌ စွဲမက်မှု့’ရာဂ’ မရှိ”ဟု ပိုင်းခြား၍ သိ၏။ ဥပဝါဏ ယင်းသို့ ရဟန်းသည် စိတ်ဖြင့် သဘောတရားကို သိ၍ သဘောတရားကို သိသူကား ဖြစ်၏၊ သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကို သိသူကား မဟုတ်ပေ၊ မိမိသန္တာန်ဝယ် ထင်ရှားမရှိသော သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ကိုလည်း “ငါ၏ သန္တာန်ဝယ် သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ မရှိ”ဟုလည်း ပိုင်းခြား၍ သိ၏။ ဥပဝါဏ ဤသို့လည်းကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင် ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားဖြစ်၏ဟု (မိန့် တော်မူ၏)။

အဋ္ဌမသုတ်။