သံယုတ္တနိကာယ်—၃၅

(၉) ၄—ဆန္နဝဂ်

၄—ဆန္နသုတ်

၈၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာစုန္ဒနှင့်အသျှင်ဆန္န တို့သည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေကြကုန်၏။ ထိုအခါ အသျှင်ဆန္နသည်အနာရောဂါ နှိပ်စက် ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏။ ထိုအခါအသျှင်သာရိပုတြာသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထ၍ အသျှင်မဟာစုန္ဒထံသို့ချဉ်းကပ်ပြီးသော် “ငါ့သျှင်စုန္ဒ လာ, သွားကြစို့၊ အသျှင်ဆန္နထံသို့ သူနာမေးရန် ချဉ်းကပ်ကြကုန်အံ့”ဟုအသျှင်မဟာစုန္ဒ အား ဤစကားကို ဆို၏။ “ကောင်းပါပြီ ငါ့သျှင်”ဟု အသျှင်မဟာစုန္ဒသည်အသျှင်သာရိပုတြာအား ဝန်ခံ လေ၏။

ထို့နောက် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္နထံသို့ ချဉ်းကပ်ကြကုန်၍ ခင်းထားပြီးသော နေရာတို့၌ ထိုင်နေကြပြီးသော် အသျှင်သာရိပုတြာသည် အသျှင်ဆန္နအား “ငါ့သျှင်ဆန္နသင့်အား ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ပါကုန်၏လော၊ မတိုးပွားဘဲ ရှိပါကုန်၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ကုန်၏ဟု ထင်ပါ၏လော၊ တိုးပွား၏ဟု မထင်ဘဲရှိပါ၏လော “ဟု မိန့်တော်မူ၏။

ငါ့သျှင်သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ၊ ငါ့အား ပြင်းထန်သော ဆင်းရဲဝေဒနာတို့သည်တို့ပွားပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည် တိုးပွား၏ဟု ထင်ပါ၏၊ ဆုတ်ယုတ်၏ဟုမထင်ပါ။ ငါ့သျှင် အားကောင်းသော ယောကျာ်းသည် ထက်လှစွာသော သန်လျက်ဦးဖြင့် ဦးထိပ်၌ ထိုးသကဲ့သို့ ဤအတူ လွန်ကဲသော လေတို့သည် ဦးထိပ်၌ ထိုးကုန်၏။

ငါ့သျှင် ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ။ပ။ ဆုတ်ယုတ်၏ဟု မထင်ပါ။ ငါ့သျှင် အားကောင်းသောယောကျာ်းသည် ခိုင်မြဲသော သားရေကြိုးပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်ရာသကဲ့သို့ ဤအတူ ဦးခေါင်း၌ လွန် ကဲသော ဝေဒနာ ဖြစ်နေပါကုန်၏။

ငါ့သျှင် ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ။ပ။ ဆုတ်ယုတ်၏ဟု မထင်ပါ။ ငါ့သျှင် ကျွမ်းကျင်သောနွားသတ်သမားဖြစ်စေ၊ နွားသတ်သမား၏ တပည့်ဖြစ်စေ ထက်လှစွာသော သားလှီးဓားဦးဖြင့် ဝမ်းပိုက်ကိုထိုးဖောက်ဆွဲငင်ရာသကဲ့သို့ ဤအတူ လွန်ကဲသော လေတို့သည် ဝမ်းပိုက်ကို ထိုးဖောက်ဆွဲငင်ပါကုန်၏။

ငါ့သျှင် ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ။ပ။ ဆုတ်ယုတ်၏ဟု မထင်ပါ။ ငါ့သျှင် အားကောင်းသောယောကျာ်းနှစ်ယောက်တို့သည် အားနည်းသော ယောကျာ်းကို လက်မောင်းတစ်ဖက်စီတို့၌ ဆွဲကိုင်ပြီးလျှင့်မီးကျီတွင်း၌ ကင်ကုန်သကဲ့သို့ ဤအတူ ခန္ဓာကိုယ်၌ အလွန်ပူ လောင်နေပါ၏။

ငါ့သျှင် ငါ့အား မခံ့ကျန်းပါ၊ မမျှတပါ၊ ငါ့အား ပြင်းထန်သော ဆင်းရဲဝေဒနာတို့သည် တိုးပွားပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည် တိုးပွား၏ဟု ထင်ပါ၏၊ ဆုတ်ယုတ်၏ဟု မထင်ပါ။ ငါ့သျှင်သာရိပုတြာ ဓားဖြင့် (အသက်ကို) ဆောင်တော့အံ့၊ အသက်ရှင်မှုကို အလိုမရှိတော့ပါဟု လျှောက်၏။

အသျှင်ဆန္နသည် ဓားဖြင့် (အသက်ကို) မဆောင်ပါလင့်၊ အသျှင်ဆန္နသည် မျှတပါစေလော့၊ အသျှင်ဆန္န မျှတနေသည်ကို အကျွန်ုပ်တို့ လိုလားပါကုန်၏၊ အသျှင်ဆန္နအား လျောက်ပတ်သော ဘောဇဉ်များမရှိခဲ့ပါမူ အကျွန်ုပ်သည် အသျှင်ဆန္နအတွက် လျောက်ပတ်သော ဘောဇဉ်များကို ရှာပေးပါအံ့၊ အသျှင်ဆန္န အား လျောက်ပတ်သော ဆေးတို့ မရှိခဲ့ပါမူ အကျွန်ုပ်သည် အသျှင်ဆန္နအတွက်လျောက်ပတ်သော ဆေး တို့ကို ရှာပေးပါအံ့၊ အကယ်၍ အသျှင်ဆန္နအား သင့်လျော်သောအလုပ်အကျွေးများ မရှိခဲ့ပါမူ အကျွန်ုပ်သည် အသျှင်ဆန္နကို လုပ်ကျွေးပါအံ့။ အသျှင်ဆန္နသည် ဓားဖြင့် (အသက်ကို) မဆောင်ပါလင့်၊ အသျှင် ဆန္နသည် မျှတပါစေလော့၊ အသျှင်ဆန္န မျှတနေသည်ကိုအကျွန်ုပ်တို့ လိုလားပါကုန်၏ဟု ဆို၏။

ငါ့သျှင်သာရိပုတြာ ငါ့အား လျောက်ပတ်သော ဘောဇဉ်များ မရှိကုန်သည် မဟုတ်၊ လျောက်ပတ် သောဘောဇဉ်များ ရှိပါကုန်၏၊ ငါ့အား လျောက်ပတ်သော ဆေးတို့လည်း မရှိကုန်သည် မဟုတ်၊ လျောက်ပတ်သော ဆေးတို့ ရှိပါကုန်၏၊ ငါ့အား သင့်လျော်သော အလုပ်အကျွေးတို့လည်း မရှိကုန်သည်မဟုတ်၊ သင့်လျော်သော အလုပ်အကျွေးတို့ ရှိပါကုန်၏၊ စင်စစ်အားဖြင့် ငါသည် မြတ်စွာဘုရားကိုအချိန် ကြာမြင့်စွာ နှစ်လိုဖွယ်သော အမူအရာဖြင့် လုပ်ကျွေးခဲ့ပြီ၊ မနှစ်လိုဖွယ်သော အမူအရာဖြင့်မလုပ်ကျွေးပါ။ ငါ့သျှင် မြတ်စွာဘုရားကို နှစ်လိုဖွယ်သော အမူအရာဖြင့် လုပ်ကျွေး၍ မနှစ်လိုဖွယ်သောအမူအရာဖြင့် မလုပ်ကျွေးခြင်းသည် တပည့်ဖြစ်သူအား သင့်လျော်၏၊ (ပဋိသန္ဓေနေမှုသို့) ချဉ်းကပ်ထိုက်သူ မဟုတ်သော ဆန္နရဟန်းသည် ဓားဖြင့် (အသက်ကို) ဆောင်လတ္တံ့ဟု ဤအတိုင်းမှတ်လေလော့ဟု လျှောက်၏။

အသျှင်ဆန္နသည် ပြဿနာကို ဖြေရန် အကယ်၍ ခွင့်ပြုပါမူ အကျွန်ုပ်တို့သည် အသျှင်ဆန္နအားအနည်းငယ်မျှ မေးလိုပါကုန်၏ဟု (ဆို၏)။ ငါ့သျှင်သာရိပုတြာ မေးပါလော့၊ ကြားရသည်ရှိသော် (ဖြေနိုင်မဖြေနိုင်) သိရပါလိမ့်မည်ဟု လျှောက်၏။ ငါ့သျှင်ဆန္န မျက်စိကို စက္ခုဝိညာဏ်ကို စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကား ငါ၏ ဥစ္စာ ဖြစ်၏၊ ဤကား ငါ ဖြစ်၏၊ ဤကား ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုသလော။ပ။ ငါ့သျှင်ဆန္န လျှာကို ဇိဝှါဝိညာဏ်ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ်သောတရားတို့ကို “ ဤကား ငါ၏ ဥစ္စာ ဖြစ်၏၊ ဤကား ငါ ဖြစ်၏၊ ဤကား ငါ၏ကိုယ် ‘အတ္တ’တည်း”ဟုရှုသလော။ပ။ ငါ့သျှင်ဆန္န စိတ်ကို မနောဝိညာဏ်ကို မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို” ဤကား ငါ၏ ဥစ္စာ ဖြစ်၏၊ ဤကား ငါ ဖြစ်၏၊ ဤကား ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုသလောဟု (မေး၏)။

ငါ့သျှင်သာရိပုတြာ မျက်စိကို စက္ခုဝိညာဏ်ကို စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤ ကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏။ပ။ ငါ့သျှင်သာရိပုတြာ လျှာကို ဇိဝှါဝိညာဏ်ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကား ငါ့ဥစ္စာမဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏။ပ။ ငါ့သျှင်သာရိပုတြာစိတ်ကို မနောဝိညာဏ်ကို မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကား ငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏ဟု (လျှောက်၏)။

ငါ့သျှင်ဆန္န မျက်စိ၌ စက္ခုဝိညာဏ်၌ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို အထူးသိ၍ မျက်စိကို စက္ခုဝိညာဏ်ကို စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကား့ငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုသနည်း။ပ။ ငါ့သျှင်ဆန္န လျှာ၌ ဇိဝှါဝိညာဏ်၌ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို အထူးသိ၍ လျှာကို ဇိဝှါဝိညာဏ်ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုသနည်း။ပ။ ငါ့သျှင်ဆန္န စိတ်၌ မနောဝိညာဏ်၌ မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို အထူးသိ၍ စိတ်ကို မနော ဝိညာဏ်ကို မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို” ဤကား ငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုသနည်းဟု (မေး၏)။

ငါ့သျှင်သာရိပုတြာ မျက်စိ၌ စက္ခုဝိညာဏ်၌ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်မှုကို မြင်၍ ချုပ်မှုကို အထူးသိ၍ မျက်စိကို စက္ခုဝိညာဏ်ကို စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏။ပ။ ငါ့သျှင်သာရိပုတြာ လျှာ၌ ဇိဝှါဝိညာဏ်၌ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်မှုကို မြင်၍ ချုပ်မှုကို အထူးသိ၍ လျှာကို ဇိဝှါဝိညာဏ်ကို ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏။ပ။ ငါ့သျှင်သာရိပုတြာ စိတ်၌ မနောဝိညာဏ်၌ မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်မှုကို မြင်၍ ချုပ်မှုကို အထူးသိ၍ စိတ်ကို မနောဝိညာဏ်ကို မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ ဤကားငါ့ဥစ္စာ မဟုတ်၊ ဤကား ငါ မဟုတ်၊ ဤကား ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏ဟု (လျှောက်၏)။

ဤသို့ ပြောဆိုသည်ရှိသော် အသျှင်မဟာစုန္ဒသည် အသျှင်ဆန္နအား ဤစကားကို ပြောဆို၏—“ငါ့သျှင်ဆန္န ထိုသို့ဖြစ်သောကြောင့်ပင် (တဏှာ မာန ဒိဋ္ဌိတို့) အမှီခံရသူအား တုန်လှုပ်၏။ အမှီ မခံရသူအား တုန်လှုပ်မှု မရှိ။ တုန်လှုပ်မှု မရှိသော် ငြိမ်းအေးမှု ဖြစ်၏၊ ငြိမ်းအေးမှု ဖြစ်သော် (တဏှာ) ညွတ်မှုမဖြစ်နိုင်၊ (တဏှာ) ညွတ်မှု မရှိသော် လာမှု သွားမှု မရှိ၊ လာမှု သွားမှု မရှိသော် သေမှု ပဋိသန္ဓေနေမှုမရှိ၊ သေမှု ပဋိသန္ဓေနေမှု မရှိသော် ဤဘဝ၌ မဖြစ်၊ တမလွန်ဘဝ၌ မဖြစ်၊ နှစ်ဘဝလုံး၌ မဖြစ်၊ ဤမဖြစ်မှုသည်ပင် ဆင်းရဲဒုက္ခ၏ အဆုံး (နိဗ္ဗာန်) မည်၏ဟူသော ထိုမြတ်စွာဘုရား၏ အဆုံးအမတော်ကိုလည်းအမြဲကောင်းစွာ နှလုံးသွင်းအပ်၏”ဟု မိန့်ဆို၏။ ထို့နောက် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္နအား ဤသြဝါဒစကားဖြင့် ဆုံးမ၍ နေရာမှ ထကာ ဖဲသွားကုန်၏။ ထို့နောက် အသျှင်ဆန္နသည် ထိုအသျှင်တို့ ဖဲသွား၍ မကြာမီ ဓားဖြင့် (အသက်ကို) ဆောင်လေ၏။

ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဆန္နသည် ဓားဖြင့် (အသက်ကို) ဆောင် အပ်၏၊ အသျှင်ဆန္န၏ လားရာကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း”ဟုလျှောက်ထား၏။ သာရိပုတြာ ဆန္နရဟန်းသည် ပဋိသန္ဓေနေမှုသို့ မချဉ်းကပ်ထိုက်သည်၏ အဖြစ်ကိုမျက်မှောက်၌ ပင် သင့်အား ပြောကြားခဲ့သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားပုဗ္ဗဝိဇ္ဇနမည်သော ဝဇ္ဇိရွာ ရှိပါ၏၊ ထိုရွာ၌ အသျှင်ဆန္နအား မိတ်ဆွေဒါယကာ ချစ်ခင်အပ်သော ဒါယကာချဉ်းကပ်ထိုက်သော ဒါယကာတို့ ရှိကုန်၏ဟု (လျှောက်၏)။ သာရိပုတြာ ဆန္နအား မိတ်ဆွေဒါယကာချစ်ခင်အပ်သော ဒါယကာ ချဉ်းကပ်ထိုက်သော ဒါယကာတို့ ရှိကုန်သည်သာတည်း။

သာရိပုတြာ ဤမျှလောက်ဖြင့် “ပဋိသန္ဓေနေမှုသို့ ချဉ်းကပ်ထိုက်သူ”ဟု ငါ မဆို၊ သာရိပုတြာအကြင်သူသည်ကိုယ်ကိုလည်း ပစ်ချလိုက်၏၊ တစ်ပါးသောကိုယ်ကိုလည်း စွဲယူ၏၊ ထိုသူကို “ပဋိသန္ဓေနေမှုသို့ ချဉ်းကပ်ထိုက်သူ”ဟု ငါ ဆို၏၊ ပဋိသန္ဓေသို့ ချဉ်းကပ်မှုသည် ဆန္နရဟန်းအား မရှိ၊ သာရိပုတြာဆန္နရဟန်းသည် ပဋိသန္ဓေသို့ ချဉ်းကပ်ခြင်း မရှိဘဲ (အသက်ကို) ဆောင်လေပြီဟု မှတ်လေလော့ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။