သံယုတ္တနိကာယ်—၃၅

(၉) ၄—ဆန္နဝဂ်

၉—ပဌမ ဒွယသုတ်

၉၂။ ရဟန်းတို့ သင်တို့အား နှစ်ခုနှစ်ခုသော အစုတရားကို ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ နှစ်ခုနှစ်ခုသော အစုတရားဟူသည် အဘယ်နည်း။ မျက်စိနှင့် အဆင်းတို့လည်းကောင်း၊ နားနှင့် အသံတို့လည်းကောင်း၊ နှာခေါင်းနှင့် အနံ့တို့လည်းကောင်း၊ လျှာနှင့် အရသာတို့လည်းကောင်း၊ကိုယ်နှင့် အတွေ့အထိတို့လည်းကောင်း၊ စိတ်နှင့် သဘောတရားတို့လည်းကောင်းတည်း။ ရဟန်းတို့ ဤဆိုအပ်ပြီးသည်ကို နှစ်ခုနှစ်ခုသော အစုတရားဟု ဆိုအပ်၏။

ရဟန်းတို့ “ ဤနှစ်ခုနှစ်ခုသော အစုတရားကို ဖယ်ထား၍ အခြားသော နှစ်ခုနှစ်ခုသော အစု တရားကိုငါ ပညတ်မည်”ဟု တစ်ဦးတစ်ယောက်သော သူသည် ဤသို့ ဆိုခဲ့ပါမူ ထိုသူ၏ ထိုစကားသည်စကားမျှသာ ဖြစ်ရာ၏၊ မေးသည်ရှိသော် မဖြေဆိုနိုင်ရုံသာမက ပင်ပန်းခြင်းသို့ ရောက်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ အရာမဟုတ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။