သံယုတ္တနိကာယ်—၃၅

(၁ဝ) ၅—သဠဝဂ်

၁—အဒန္တအဂုတ္တသုတ်

၉၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးတို့ကို မဆုံးမအပ်မလုံခြုံစေအပ် မစောင့်ရှောက်အပ် မပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏၊ အဘယ်ခြောက်မျိုးတို့နည်း။

ရဟန်းတို့ မျက်စိတည်းဟူသော တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ကို မဆုံးမအပ် မလုံခြုံစေ အပ်မစောင့်ရှောက်အပ် မပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏။ပ။ လျှာတည်းဟူသော တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ကို မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ်မပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏။ပ။ ရဟန်းတို့ စိတ်တည်းဟူသောတွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ကို မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ်မပိတ်ဆို့အပ်ကုန် သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏။ ရဟန်းတို့ ဤတွေ့ထိမှု၏တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးတို့ကို မဆုံးမအပ် မလုံခြုံစေအပ် မစောင့်ရှောက်အပ်မပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ဆင်းရဲကို ဆောင်တတ်ကုန်၏။

ရဟန်းတို့ ဤတွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးတို့ကို ကောင်းစွာ ဆုံးမအပ် ကောင်းစွာလုံခြုံစေအပ် ကောင်းစွာ စောင့်ရှောက်အပ် ကောင်းစွာ ပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ချမ်းသာကိုဆောင်တတ်ကုန်၏၊ အဘယ်ခြောက်မျိုးတို့နည်း။

ရဟန်းတို့ မျက်စိတည်းဟူသော တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ကို ကောင်းစွာ ဆုံးမအပ်ကောင်းစွာ လုံခြုံစေအပ် ကောင်းစွာ စောင့်ရှောက်အပ် ကောင်းစွာ ပိတ်ဆို့အပ်ကုန်သော် လွန်ကဲသောချမ်းသာကို ဆောင်တတ်ကုန်၏။ပ။ ရဟန်းတို့ လျှာတည်းဟူသော တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ကို ကောင်းစွာ ဆုံးမအပ် ကောင်းစွာ လုံခြုံစေအပ် ကောင်းစွာ စောင့်ရှောက်အပ် ကောင်းစွာပိတ်ဆို့အပ် ကုန်သော် လွန်ကဲသော ချမ်းသာကို ဆောင်တတ်ကုန်၏။ပ။ ရဟန်းတို့ စိတ်တည်းဟူသောတွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန ‘ကို ကောင်းစွာ ဆုံးမအပ် ကောင်းစွာ လုံခြုံစေအပ် ကောင်းစွာစောင့်ရှောက်အပ် ကောင်းစွာ ပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ချမ်းသာကို ဆောင်တတ်ကုန်၏။ပ။ ရဟန်းတို့ ဤတွေ့ထိ မှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးတို့ကို ကောင်းစွာ ဆုံးမအပ် ကောင်းစွာလုံခြုံစေအပ် ကောင်းစွာ စောင့်ရှောက်အပ် ကောင်းစွာ ပိတ်ဆို့အပ်ကုန်သော် လွန်ကဲသော ချမ်းသာကိုဆောင်တတ်ကုန်၏။ မြတ်စွာ ဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။ မြတ်စွာဘုရားသည် ဤဂါထာကို မိန့်တော်မူပြန်၏—

“ရဟန်းတို့ ဤတွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ တို့ကား ခြောက်မျိုးတို့ တည်း။ ယင်းတရားခြောက်မျိုးတို့၌ မစောင့်စည်းသော သူသည် ဆင်းရဲသို့ ရောက် ရ၏၊ အကြင်သူတို့သည်ထိုတရားခြောက်မျိုးတို့၏ စောင့်ရှောက်မှုကို ရကုန်၏၊ သဒ္ဓါတည်းဟူသော အဖော်ရှိကုန်သောထိုသူတို့သည် (ကိလေသာမိုး) မစိုစွတ်ကုန်သည် ဖြစ်၍ နေရကုန်၏။

နှလုံးမွေ့လျော်ဖွယ်သော အဆင်းတို့ကို မြင်ရသော်လည်းကောင်း၊ သို့မဟုတ် နှလုံးမွေ့လျော်ဖွယ်မရှိသော အဆင်းတို့ကို မြင်ရသော်လည်းကောင်း နှလုံးမွေ့ လျော်ဖွယ်သော အဆင်း၌ စွဲမက်မှု ‘တဏှာ’ လမ်းကြောင်းကို ပယ်ဖျောက်ရာ၏၊ (နှလုံးမွေ့လျော်ဖွယ် မရှိသော အဆင်း၌ ) ငါသည်မနှစ်သက်အပ်ဟုလည်း စိတ်ကို မပျက်စီးစေရာ။

နှစ်သက်ဖွယ် မနှစ်သက်ဖွယ် နှစ်ပါးစုံဖြစ်သော အသံကို ကြားသော် နှစ်သက် ဖွယ်ဖြစ်သော အသံ၌ အလွန်တပ်မက်ခြင်း မဖြစ်ရာ၊ သို့မဟုတ် မနှစ်သက်ဖွယ် ဖြစ်သော အသံ၌ အမျက်ထွက်ခြင်းသို့ရောက်မှုကို ပယ်ဖျောက်ရာ၏၊ ငါသည် မနှစ်သက်အပ်ဟုလည်း စိတ်ကို မပျက်စီးစေရာ။

နှလုံးမွေ့လျော်ဖွယ်သော အနံ့ကို နမ်းရှူရသော်လည်းကောင်း၊ သို့မဟုတ် မနှစ် သက်ဖွယ်မစင်ကြယ်သော အနံ့ကို နမ်းရှူရသော်လည်းကောင်း မနှစ်သက်ဖွယ် သော အနံ့၌ အမျက်ထွက်မှုကိုပယ်ဖျောက်ရာ၏၊ နှစ်သက်ဖွယ်သော အနံ့၌လည်း အလို ‘ဆန္ဒ’နောက်သို့ လိုက်သည် မဖြစ်ရာ။

သာယာဖွယ်ရှိသော ကောင်းသော အရသာကို စားရသော်လည်းကောင်း၊ သို့မဟုတ် တစ်ခါတစ်ရံမကောင်းသော အရသာကို စားရသော်လည်းကောင်း ကောင်းသော အရသာကို လွန်သော အာသာဖြင့်မစားရာ၊ ဆန့်ကျင်ဖက်ဖြစ်သော မကောင်းသော အရသာကို (စားရာ၌ ) စိတ်ကို မပျက်စီးစေရာ။

ချမ်းသာသော အတွေ့အထိဖြင့် တွေ့ထိသော်လည်း မမေ့လျော့ရာ၊ ဆင်းရဲသော အတွေ့ဖြင့်တွေ့ထိသော်လည်း မတုန်လှုပ်ရာ၊ ချမ်းသာဆင်းရဲဖြစ်သော အတွေ့ နှစ်မျိုးကို လျစ်လျူရှုရာ၏၊ တစ်စုံတစ်ခုနှင့်မျှ မလိုက်လျောရာ၊ မဆန့်ကျင်ရာ။

သညာရှိကုန်သော ယုတ်ညံ့သော သူတို့သည် သံသရာချဲ့တတ်သော သညာရှိ ကုန်သည် ဖြစ်၍ သံသရာကို ချဲ့ကုန်လျက် ဝဋ်ဆင်းရဲသို့ ကပ်ရောက်ရကုန်၏။ သညာရှိသော သူသည် စိတ်ဖြင့် ပြီးသောကာမဂုဏ်၌ မှီသော အကြံအစည် အားလုံးကို ပယ်နုတ်၍ ကာမဂုဏ်မှ ထွက်မြောက်မှု၌ မှီသောအကြံအစည်ကို ဖြစ်စေ၏။

ဤကဲ့သို့ စိတ်ကို အာရုံခြောက်ပါးတို့၌ ပွါးများပြီးသော အခါ တစ်စုံတစ်ခုသော အာရုံ၌ တွေ့ထိအပ်သော သူ၏ စိတ်သည် မတုန်လှုပ်။ ရဟန်းတို့ ထိုသူတို့သည် ရာဂဒေါသတို့ကိုလွှမ်းမိုးဖိနှိပ်ကုန်၍ ပဋိသန္ဓေနေခြင်း သေခြင်း၏ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ကြရကုန်၏ “။

ပဌမသုတ်။