သံယုတ္တနိကာယ်—၃၅

(၁ဝ) ၅—သဠဝဂ်

၂—မာလုကျပုတ္တသုတ်

၉၅။ ထိုအခါ အသျှင်မာလုကျပုတ္တသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်မာလုကျပုတ္တသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏— “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့် တရားကို ဟောတော်မူပါ၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို နာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လရှိသည် ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်သော စိတ်ရှိလျက် နေလိုပါ၏ “ဟု လျှောက်၏။

“ရဟန်း သင်သည် အိုမင်းသည် ကြီးသည် ရင့်ရော်သည် အရွယ်လွန်သည် နောက်ဆုံးအရွယ်သို့ရောက်နေပြီးသည် ဖြစ်ပါလျက် အကျဉ်းအားဖြင့် အဆုံးအမကို တောင်းဘိ၏၊ မာလုကျပုတ္တ ဤသို့အဆုံး အမ တောင်းရာ ယခုအခါ၌ ရဟန်းငယ်များကို အဘယ်သို့ ဆိုရပါအံ့နည်း “ဟု မိန့်တော်မူ၏။

အသျှင် ဘုရား တပည့်တော်သည် အိုမင်းသည် ကြီးသည် ရင့်ရော်သည် အရွယ်လွန်သည်နောက်ဆုံးအရွယ်သို့ ရောက်နေပြီးသည်ကား မှန်ပါ၏၊ သို့ပါသော်လည်း တပည့်တော်အားဘုန်းတော်ကြီးတော်မူသော မြတ်စွာ ဘုရားသည် အကျဉ်းအားဖြင့် တရားကို ဟောတော်မူစေလိုပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ် သော မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တရားကိုဟောတော်မူပါ၊ တပည့်တော်သည် မြတ်စွာဘုရား စကားတော်၏ အနက်အဓိပ္ပါယ်ကိုသိကောင်းတန်ရာပါ၏၊ တပည့်တော်သည် မြတ်စွာဘုရား စကားတော်၏ အမွေခံဖြစ်နိုင်ကောင်းတန်ရာပါ၏ဟု (လျှောက်၏)။

မာလုကျပုတ္တ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် မမြင်အပ်ကုန်သော မမြင်ဖူးကုန်သော မြင်ဆဲ မဟုတ်ကုန်သော မြင်ရလို၏ဟု နှလုံးသွင်းလည်း မရှိကုန်သော (စက္ခုဝိညာဏ်ဖြင့်) သိအပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်း သင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။

သင်သည် မကြားနာအပ်ကုန်သော မကြားနာဖူးကုန်သော ကြားနာဆဲ မဟုတ်ကုန်သော ကြားနာရလို၏ဟု နှလုံးသွင်းလည်း မရှိကုန်သော (သောတဝိညာဏ်ဖြင့်) သိအပ်ကုန်သော အသံတို့သည် ရှိကုန်၏။

ထိုအသံတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်း သင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။

သင်သည် မနမ်းရှူအပ်ကုန်သော မနမ်းရှူဖူးကုန်သော နမ်းရှူဆဲ မဟုတ်ကုန်သော နမ်းရှူရလို၏ဟုနှလုံးသွင်းလည်း မရှိကုန်သော (ဃာနဝိညာဏ်ဖြင့်) သိအပ်ကုန်သော အနံ့တို့သည် ရှိကုန်၏။ ထိုအနံ့တို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်းသင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။

သင်သည် မလျက်အပ်ကုန်သော မလျက်ဖူးကုန်သော လျက်ဆဲ မဟုတ်ကုန်သော လျက်ရလို၏ဟုနှလုံးသွင်းလည်း မရှိကုန်သော (ဇိဝှါဝိညာဏ်ဖြင့်) သိအပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ ထိုအရသာတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်း သင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။

သင်သည် မတွေ့ထိအပ်ကုန်သော မတွေ့ထိဖူးကုန်သော တွေ့ထိဆဲ မဟုတ်ကုန်သော တွေ့ထိရလို၏ဟုနှလုံးသွင်းလည်း မရှိကုန်သော (ကာယဝိညာဏ်ဖြင့်) သိအပ်ကုန်သော အတွေ့အထိတို့သည် ရှိကုန်၏။

ထိုအတွေ့အထိတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်း သင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။

သင်သည် မသိအပ်ကုန်သော မသိအပ်ဖူးကုန်သော သိဆဲ မဟုတ်ကုန်သော သိရလို၏ဟု နှလုံးသွင်းလည်း မရှိကုန်သော (မနောဝိညာဏ်ဖြင့်) သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။ ထိုသဘောတရားတို့၌ လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်းသင့်အား ရှိပါသလော။ မရှိပါ အသျှင်ဘုရား။

မာလုကျပုတ္တ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ်ကုန်သော ဤအာရုံခြောက်မျိုးတို့၌ သင့်အားမြင်လျှင် မြင်ကာမျှ ဖြစ်လတ္တံ့၊ ကြားလျှင် ကြားကာမျှ ဖြစ်လတ္တံ့၊ တွေ့ထိလျှင် တွေ့ထိကာမျှဖြစ်လတ္တံ့၊ သိလျှင် သိကာမျှ ဖြစ်လတ္တံ့။

မာလုကျပုတ္တ အကြင်အခါ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ်ကုန်သော ဤအာရုံခြောက်မျိုးတို့၌ သင့်အား မြင်လျှင် မြင်ကာမျှ ဖြစ်လတ္တံ့၊ ကြားလျှင် ကြားကာမျှ ဖြစ်လတ္တံ့၊ တွေ့ထိလျှင် တွေ့ထိကာမျှ ဖြစ်လတ္တံ့၊ သိလျှင် သိကာမျှ ဖြစ်လတ္တံ့။ မာလုကျပုတ္တ ထိုအခါ သင်သည် ထို (စွဲမက်ခြင်းအမျက် ထွက်ခြင်း တွေဝေခြင်းဖြင့်) မဖြစ်လတ္တံ့။ မာလုကျပုတ္တ အကြင်အခါ သင်သည် ထို (စွဲမက်ခြင်းအမျက် ထွက်ခြင်း တွေဝေခြင်းဖြင့်) မဖြစ်လတ္တံ့၊ မာလုကျပုတ္တ ထိုအခါ သင်သည်ထိုအာရုံခြောက်ပါးတို့၌ မတည် လတ္တံ့။ မာလုကျပုတ္တ အကြင်အခါ သင်သည် ထိုအာရုံခြောက်ပါးတို့၌ မတည်လတ္တံ့၊ မာလုကျပုတ္တ ထိုအခါ သင်သည် ဤပစ္စုပ္ပန်ဘဝ၌လည်း မဖြစ်လတ္တံ့၊ တမလွန်ဘဝ၌လည်း့မဖြစ်လတ္တံ့၊ နှစ်ဘဝလုံး၌လည်း မဖြစ်လတ္တံ့၊ ဤ (ပစ္စပ္ပန်တမလွန် နှစ်တန်သော ဘဝ၌ ) မဖြစ်မှုသည်ပင်ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) မည်၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဉ်းအားဖြင့် ဟောအပ်သော ဤတရားစကား၏အနက်အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် သိနားလည်ပါ၏ —

၁။ အဆင်းကို မြင်သော် နှစ်သက်ဖွယ်အာရုံဟု နှလုံသွင်းသော သူအား သတိ မေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအဆင်းအာရုံကိုလည်း လွှမ်းမိုး၍ တည်၏။

ထိုသူအား အဆင်းအာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။

သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု’အဘိဇ္ဈာ’သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။

၂။ အသံကို ကြားသော် နှစ်သက်ဖွယ်အာရုံဟု နှလုံသွင်းသော သူအား သတိ မေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအသံအာရုံကိုလည်း လွှမ်းမိုး၍ တည်၏။

ထိုသူအား အသံအာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။

သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။

၃။ အနံ့ကို နမ်းရှူသော် နှစ်သက်ဖွယ်အာရုံဟု နှလုံသွင်းသော သူအား သတိ မေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအနံ့အာရုံကိုလည်း လွှမ်းမိုး၍ တည်၏။

ထိုသူအား အနံ့အာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။

သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။

၄။ အရသာကို စားသောက်သော် နှစ်သက်ဖွယ်အာရုံဟု နှလုံးသွင်းသော သူအားသတိမေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအရသာ အာရုံကိုလည်းလွှမ်းမိုး၍ တည်၏။

ထိုသူအား အရသာအာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။

သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။

၅။ အတွေ့အထိကို တွေ့ထိရသော် နှစ်သက်ဖွယ်အာရုံဟု နှလုံသွင်းသော သူအားသတိမေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအတွေ့ အထိ အာရုံကိုလည်းလွှမ်းမိုး၍ တည်၏။

ထိုသူအား အတွေ့အထိအာရုံကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏။

သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’သည်လည်း ကောင်း၊ စိတ်ပင်ပန်းမှုသည်လည်ကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။

၆။ သဘောတရားကို သိသော် နှစ်သက်ဖွယ်အာရုံဟု နှလုံးသွင်းသော သူအားသတိမေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုသဘော တရားကိုလည်း့လွှမ်းမိုး၍ တည်၏။

ထိုသူအား သဘောတရားကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါးကုန်၏၊ သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု’အဘိဇ္ဈာ’သည်လည်းကောင်း၊ စိတ်ပင်ပန်းမှုသည်လည်းကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏။ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။

၁။ ထိုသူသည် အဆင်းကို မြင်လတ်သော် ထင်သော သတိရှိသည် ဖြစ်၍ အဆင်းတို့၌ မစွဲမက်၊ စွဲမက်မှုကင်းသော စိတ်ရှိသည်ဖြစ်၍ ခံစား၏၊ ထိုအဆင်းကို လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် အဆင်းကို ရှုသော်လည်းကောင်း၊ ဝေဒနာကို မှီဝဲ သော်လည်းကောင်းထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်း အရာအားဖြင့် ထိုသူသည် သတိရှိသည်ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီး သော သူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။

၂။ ထိုသူသည် အသံကို ကြားလတ်သော် ထင်သော သတိရှိသည် ဖြစ်၍ အသံ တို့၌ မစွဲမက်၊ စွဲမက်မှုကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထိုအသံကိုလည်း လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် အသံကို နားထောင်သော်လည်းကောင်း၊ ဝေဒနာကို မှီဝဲသော်လည်းကောင်းထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့် ထိုသူသည် သတိရှိသည်ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသော သူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။

၃။ ထိုသူသည် အနံ့ကို နမ်းရှူလတ်သော် ထင်သော သတိရှိသည် ဖြစ်၍ အနံ့ တို့၌ မစွဲမက်၊ စွဲမက်မှုကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထိုအနံ့ကိုလည်း လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် အနံ့ကို နမ်းရှူသော်လည်းကောင်း၊ ဝေဒနာကို မှီဝဲ သော်လည်းကောင်းထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့် ထိုသူသည် သတိရှိသည်ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသော သူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။

၄။ ထိုသူသည် အရသာကို စားသောက်ရသော် ထင်သော သတိရှိသည် ဖြစ်၍ အရသာတို့၌ မစွဲမက်၊ စွဲမက်မှု ကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထို အရသာကိုလည်း လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် အရသာကို စားသောက်သော်လည်းကောင်း၊ ဝေဒနာကိုမှီဝဲသော်လည်းကောင်း ထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့်ထိုသူသည် သတိရှိသည် ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသော သူအား နိဗ္ဗာန်နှင့် နီး၏ဟုဆိုအပ်၏။

၅။ ထိုသူသည် အတွေ့အထိကို တွေ့ထိရသော် ထင်သော သတိရှိသည် ဖြစ်၍ အတွေ့အထိတို့၌ မစွဲမက်၊ စွဲမက်မှု ကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထို အတွေ့အထိကိုလည်း လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် အတွေ့အထိကို တွေ့ထိသော်လည်းကောင်း၊ ဝေဒနာကိုမှီဝဲသော်လည်းကောင်း ထိုသူအား ဆင်းရဲကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့်ထိုသူသည် သတိရှိသည် ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။

၆။ ထိုသူသည် သဘောတရားကို သိရသော် ထင်သော သတိရှိသည် ဖြစ်၍ သဘောတရားတို့၌ မစွဲမက်၊ စွဲမက်မှု ကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထိုသဘောတရားကိုလည်း လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် သဘောတရားကို သိသော်လည်းကောင်း၊ ဝေဒနာကိုမှီဝဲသော်လည်းကောင်း ထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့်ထိုသူသည် သတိရှိသည် ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသူအား နိဗ္ဗာန်နှင့် နီး၏ဟု ဆိုအပ်၏။

အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဉ်းအားဖြင့် ဟောအပ်သော ဤစကားတော်၏အနက်အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် နားလည်ပါ၏ဟု လျှောက်၏၊ မာလုကျပုတ္တ ကောင်းပေစွ၊ ့ကောင်းပေစွ၊ မာလုကျပုတ္တ သင်သည် ငါဘုရား အကျဉ်းအားဖြင့် ဟောကြားအပ်သော စကားတော်၏အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ကောင်းစွာ သိပေ၏—

၁။ အဆင်းကို မြင်သော် နှစ်သက်ဖွယ်အာရုံဟု နှလုံးသွင်းသော သူအား သတိ မေ့ပျောက်သည်ဖြစ်၍ ပြင်းစွာ စွဲလမ်းသော စိတ်ရှိလျက် ခံစား၏၊ ထိုအဆင်းကိုလည်း လွှမ်းမိုး၍ တည်၏။

ထိုသူအား အဆင်းကြောင့် ဖြစ်ကုန်သော များစွာသော ဝေဒနာတို့သည် တိုးပွါး ကုန်၏၊ သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’သည်လည်းကောင်း၊ စိတ် ပင်ပန်းမှုသည်လည်းကောင်းထိုသူ၏ စိတ်ကို ကပ်၍ ညှဉ်းဆဲအပ်၏၊ ဤသို့ ဆင်းရဲကို ဆည်းပူးနေသော သူအား နိဗ္ဗာန်မှဝေးလှ၏ဟု ဆိုအပ်၏။ပ။

၆။ ထိုသူသည် သဘောတရားကို သိသော် ထင်သော သတိရှိသည် ဖြစ်၍ သဘောတရားတို့၌ မစွဲမက်၊ စွဲမက်မှု ကင်းသော စိတ်ရှိသည် ဖြစ်၍ ခံစား၏၊ ထိုသဘောတရားကိုလည်း လွှမ်းမိုး၍ မတည်။

အကြင်အခြင်းအရာအားဖြင့် သဘောတရားကို သိသော်လည်းကောင်း၊ ဝေဒနာကိုမှီဝဲသော်လည်းကောင်း ထိုသူအား ဆင်းရဲ ကုန်ခန်း၏၊ မတိုးပွါး။ ဤသို့သော အခြင်းအရာအားဖြင့်ထိုသူသည် သတိရှိသည် ဖြစ်၍ ကျင့်၏၊ ဤသို့ ဆင်းရဲကို ဖျက်ဆီးသော သူအား နိဗ္ဗာန်နှင့် နီး၏ဟုဆိုအပ်၏။

မာလုကျပုတ္တ ငါဘုရား အကျဉ်းအားဖြင့် ဟောကြားအပ်သော ဤစကားတော်၏ အနက်အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် မှတ်အပ်၏ဟု မိန့်တော်မူ၏။

ထိုအခါ အသျှင်မာလုကျပုတ္တသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် အရိုအသေပြုကာ ဖဲသွားလေ၏။ ထို့နောက်အသျှင်မာလုကျပုတ္တသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လရှိသည် ဖြစ်၍ (နိဗ္ဗာန်) သို့ စေလွှတ်သော စိတ်ရှိလျက် နေလတ်သော် မကြာမီပင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်ကြသော အမျိုးသားတို့ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သောအရဟတ္တဖိုလ်ကို ယခုဘဝ၌ ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

“ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ အသျှင်မာလုကျပုတ္တသည်လည်း ရဟန္တာတို့တွင်တစ်ပါးအပါအဝင် ဖြစ်လေ၏။

ဒုတိယသုတ်။